ဘားအံ ဩဂုတ် ၁
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆွမ်းဆန် တော်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျှက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ကမ္မဌာန်းကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက်သို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်နယ် ကမ္မဌာန်းကျောင်း ဆုတောင်းပြည့်အောင်တော်မူနှစ်ထပ်ကျောင်းဆောင်၌ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တသုဇာတအား ဖူးမျှော်ကြည်ညို၍ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တာသုတ်ပရိတ်တော်များကို နာယူကြည်ညိုပြီး ဆွမ်းဆန်တော်(၂၈)အိတ်၊ ဆီ(၆)ပုံး၊ ဆေးဝါးများ၊ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယအား ဖူးမျှော် ကြည်ညို၍ ဆန်(၅)အိတ်၊ ဆီ(၁)ပုံး၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလည်း ဘားအံမြို့ပေါ်ရှိ စာသင်တိုက်များနှင့် ဘုန်းတော် ကြီးကျောင်း စုစုပေါင်း(၆၄)ကျောင်းသို့ ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအား လိုက်လံဆက်ကပ် လှူဒါန်းလျက်ရှိပြီး စုစုပေါင်း ဆန်အိတ် ၁၃၅၀ အိတ်နှင့် ၁၀ ပိဿဆီပုံး ၂၆၅ ပုံးတို့ကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ် သည်။
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် ဘောနော်ထူးကုမ္ပဏီမှ အလှူငွေကျပ်သိန်း(၃၀)ကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ လာရောက်ပေးအပ်လှူဒါန်းသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတွင်းကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဆေးရုံများ၊ ကုသရေးစင်တာများအပြင် ရပ်ကွက်/ကျေးရွာများသို့ အောက်စီဂျင်လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး စီမံဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားပြီး ယခုကဲ့သို့ လာရောက်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် ကရင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ် သိန်း(၃၀) ကို ဘောနော်ထူးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစောကပေါ်ထူးက ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကာ ဘောနော်ထူးကုမ္ပဏီမန်နေဂျင်းဒါရိုက်တာက လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ကရင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်ပြည်သူများ၊ ဌာနဆိုင်ရာများမှ ယမန်နေ့အထိ စုစုပေါင်းငွေကျပ် ၃၈၃၄၇၃၅၀၀ိ/- ( သုံးထောင့် ရှစ်ရာသုံးဆယ့်လေးသိန်းခုနှစ်သောင်းသုံးထောင့်ငါးရာ ) ကျပ်ကို ထည့်ဝင်လှူဒါန်းထားပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ထိရောက်အောင်မြင်သည့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း