မိုင်းယောင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေး

မိုင်းယောင်း  ဩဂုတ်  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဦးစားပေးအလိုက် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်ခန့်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြုပြီး ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်းများပြုလုပ်ပြီးနောက် ဦးစားပေးအနေဖြင့် အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများအား ကာကွယ်ဆေးများကို စတင်ထိုးနှံပေးခြင်းဖြစ်ကာ ဘိုးဘွားများထိုးနှံပြီးမှသာ ဦးစားပေးအဖွဲ့ဖြစ်သည့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးစာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသည်။ မိုင်းယောင်းမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)အလုံးရေ (၃၇၂)လုံး ရရှိထားပြီး မိုင်းယောင်းမြို့အတွက် အလုံးရေ(၂၇၂)လုံးနှင့် မိုင်းယုမြို့အတွက် ဆေးအလုံးရေ(၁၀၀)လုံး ခွဲဝေပေးကာ ကာကွယ်ဆေးတစ်လုံးကို လူနှစ်ဦးနှုန်းဖြင့် မိုင်းယောင်းနှင့် မိုင်းယုမြို့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအတွင်းမှ စုစုပေါင်း လူဦးရေ(၇၄၄) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးနေမှုအား မိုင်းယောင်းတပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မင်းသီဟကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ အဖွဲ့ဝင်(၃) လဝကမှူး ဦးပွားမောင်၊ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် ကာကွယ်ဆေး(COVIDSHIELD)ကို ၂၀၂၁ ခုနှစ်၊ မတ်လ၌ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၃၆၉၅)ဦးနှင့် ကျန်းမာရေးဝန်ထမ်း(၉၄)ဦး စုစုပေါင်း(၃၇၈၉)ဦးကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ၌ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၈၀) ဦးကိုလည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အားချာ