ဘားအံ ဩဂုတ် ၁
ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီံမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးနှံပေးနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အိန္ဒုတိုက်နယ်ဆေးရုံတွင် အသက် (၆၅)နှစ် အထက်ရှိ အဘိုးအဘွားများအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး အဘိုးအဘွား များအား အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ထုံးအိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် လာရောက်နေကြသည့် အသက်(၆၅)နှစ် အထက်အဘိုးအဘွားများ၊ ကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ ကာကွယ်ဆေးထိုးနှံပြီး ခေတ္တစောင့်ဆိုင်း နေကြသည့် အဘိုးအဘွားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး အဟာရ ဖြည့်စွက်စာ ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်ခံအားတိုးမြှင့်ပေးသော Vitamin D3 ဆေးရည်များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးစောမြင့်ဦးက ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ကရင်ပြည်နယ်အသင်းဥက္ကဋ္ဌ ဦးစောလင်းဘိုဘိုနှင့် တာဝန်ရှိသူများက Vitamin D3 ဆေးရည်များ ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ကာ အလှူရှင်များက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁၄/၂၀၂၁)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကာကွယ်ဆေးထိုးစာရင်းများကို သက်ဆိုင်ရာ မြို့နယ်တုံ့ပြန်ရေးကော်မတီများသို့ ပေးပို့ကြရန်နှင့် Volenter များကိုလည်း ဦးစားပေးစာရင်းတွင် ထည့်သွင်းထိုးနှံပေးကြရမည် ဖြစ်ကြောင်း၊ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အချိန်မီ ထိုးနှံပေးနိုင်ရေး ဝိုင်းဝန်းကြပ်မတ်ပေးဖို့လိုကြောင်း၊ အခက်အခဲရှိပါက တင်ပြဆွေးနွေးပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေ၊ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)