ဘားအံ ဩဂုတ် ၁
ကရင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးသည့် VITAMIN D3 ဆေးရည်များကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ လာရောက်လှူဒါန်းသည်။
ထိုသို့လာရောက်လှူဒါန်းရာတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက ကမ္ဘာနှင့်အဝှမ်း ကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး နိုင်ငံတိုင်းတွင် ကူးစက်ခံနေရကာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေကြရကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ်အနေဖြင့်လည်း နယ်ပယ်အသီးသီးမှနေ၍ ရင်ဆိုင်တွန်းလှန်ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ဦးစားပေးအုပ်စုအလိုက် ပထမအသုတ် လူဦးရေ ငါးသောင်းငါးထောင် ခန့်ကို ရက်သတ္တပတ်(၂)ပတ်အတွင်းပြီးစီးရန် စနစ်တကျဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊ ရောဂါကူးစက်ခံရ၍ ဆေးရုံတက်ရောက်ကုသမှုခံရသူများ ကိုလည်း ကုသရေးစင်တာများ တိုးချဲ့ဖွင့်လှစ်ပေးပြီး လိုအပ်သည်များကို အတတ်နိုင် ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွက် လိုအပ်သည့်ဆေးဝါးများကို ထောက်ပံ့လှူဒါန်း ပေးသည့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ကို အထူးကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ကရင်ပြည်နယ်အသင်း ဥက္ကဋ္ဌ ဦးစောလင်းဘိုဘိုနှင့် တာဝန်ရှိသူများက လူဦးရေ တစ်သောင်းကျော်ခန့်အတွက် လုံလောက်သည့် ကိုယ်ခံ စွမ်းအားတိုးမြှင့်ပေးသော VITAMIN D3 ဆေးရည်များကို ပေးအပ်လှူဒါန်းရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်အသင်းဥက္ကဋ္ဌ ဦးစောလင်းဘိုဘိုက အမျိုးသားရေးတာဝန်တစ်ရပ် အနေနဲ့ တတ်နိုင် သည့်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်ကာလဖြစ်သည့်အတွက် ဆေးများကို အမေရိကားမှမှာယူပြီး မြန်မာနိုင်ငံ FDA ၏စစ်ဆေးမှုကိုခံယူ၍ တင်သွင်းခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေလှူဒါန်းခြင်း ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အတွက် ကိုဗစ်ရောဂါကူးစက်ခံသူများနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှပါဝင် ဆောင်ရွက်နေသူများ အပါအဝင် လူဦးရေတစ်သောင်းခန့်ကို ဦးစားပေး ရည်မှန်းကြောင်း၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှတစ်ဆင့် ရည်မှန်းအုပ်စုများထံ လှူဒါန်းပေးပါက ပိုမိုလျင်မြန်ထိရောက်မည်ဖြစ်သည့် အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဆေးပညာရှင်များနှင့်ညှိနှိုင်း၍ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)