ကြို့ပင်ကောက်မြို့တွင် အသက် ၆၅ နှစ်နှင့် အထက်အဘိုးအဖွား ၆၃၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး

ကြို့ပင်ကောက် ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့အထိ အသက် ၆၅ နှစ်နှင့်အထက်အဘိုး အဖွား ၆၃၁ ဦး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးသည့် ပထမနေ့တွင် အသက် ၆၅နှစ်နှင့်အထက် အဘိုးအဖွား ၃၅၆ ဦးအား ထိုးနှံပေးခဲ့ပြီး ဇူလိုင်လ ၃၁ ရက် ဒုတိယနေ့တွင် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဖွား ၂၇၅ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ပရဟိတလူငယ် ၄၃ ဦးနှင့် ဝန်ထမ်း (၁)ဦး၊ သံဃာတော် (၁၇)ပါးနှင့် သီလရှင် (၁)ပါးတို့အား တစ်ပါတည်းထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်က ပြောသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram အား ကျန်းမာရေး ဝန်ထမ်း အဖွဲ့ (၅)ဖွဲ့ခွဲကာ သက်ဆိုင်ရာစုရပ်များတွင် ဩဂုတ်လ ၁ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ရာ မြို့နယ်အတွင်းရှိ အသက် ၆၅နှစ်နှင့်အထက် အဘိုးအဖွား စုစုပေါင်း ၁၂၄၃၃ ဦးတွင် ၆၃၁ ဦးထိုးနှံပြီးကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)