ပြည် ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့ကစတင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်၆၅နှစ်နှင့်အထက် အဘိုးအဘွားများ အပါအဝင် ရဟန်းရှင်လူပြည်သူများအား အုပ်စုခွဲ၍ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း (၂၄၇)ဦး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ယနေ့နံနက်ပိုင်းတွင် ရွာဘဲနယ်မြေအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများနှင့် မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အခြားအုပ်စုအသီးသီးတွင်ပါဝင်သူများအား ထိုးနှံပေးခဲ့ ကြောင်း၊ ပြည်မြို့နယ်တွင် ယမန်နေ့နှင့် ယနေ့အထိ အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွား (၁၂၂)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၄)ဦး၊ Volunteer/ပရဟိတ(၄၃)ဦး၊ ဘိုးဘွားရိပ်သာမှ(၅၃)ဦး၊ ဘုန်းကြီး/ သီလရှင်/ ဘာသာရေးကျောင်းများမှ (၂၁)ဦးနှင့် နိုင်ငံ့ဝန်ထမ်း(၄)ဦး စုစုပေါင်း (၂၄၇)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုအဘိုးအဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတများ၊ ဘိုးဘွားရိပ်သာ၊ ဘုန်းကြီးကျောင်း/ သီလရှင်ကျောင်း/ ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းနှင့် ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ အကျဉ်းသား/ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး(ကုန်း၊ရေ၊လေ)နှင့် Super Market/ဈေးများ စသည်ဖြင့် အုပ်စုများခွဲ၍ ထိုးနှံပေးလျက်ရှိပြီး အဆိုပါအုပ်စုအသီးသီးမှရဟန်းရှင်လူပြည်သူများကို ရပ်ကွက်/ကျေးရွာအလိုက် အလှည့်ကျထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
ကိုဆက်