ရေဦးမြို့တွင် အသက် ၆၅ နှစ်နှင့်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေး ဆွေးနွေး

ရေဦး  သြဂုတ်    ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင်၊ လ၀က၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပညာရေး၊  စိုက်ပျိုးရေး၊ ကျန်း/အားကာ၊ စည်ပင်၊ မီးသတ်၊ ပြန်/ဆက်ဦးစီးဌာန နှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်အတွက် ကိုဗစ်ကာကွယ်ဆေး အလုံး ၁၀၀၀ ရရှိခဲ့ရာ ဇူလိုင် ၂ ရက်နေ့တွင် မုံရွာသို့သွားရောက်၍ ဆေးထုတ်ယူပြီးလျှင် အသက် ၆၅ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊  လတ်တလော ကာကွယ်ဆေးထိုးရန်စာရင်း ပေးထားသူ သံဃာတော် ၉ ပါး အပါအဝင်၊ ဌာနဆိုင်ရာ၊ ၀န်ထမ်းမိသားစု၊ ရပ်ကွက်ကျေးရွာအုပ်စု၂၇ အုပ်စု၊ Volunteer များ စုစုပေါင်း လူဦးရေစာရင်း ၇၅၁ ဦးထိရှိနေပြီဖြစ်ကြောင်း၊ ဆေးထိုးနှံမည့်သူများ သက်ဆိုင်ရာ ရပ်/ကျေး စီမံအုပ်ချုပ်ရေးအဖွဲ့ထံစာရင်း ပေးသွင်းထားနိုင်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးမည့်နေရာကို လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးအဖွဲ့ (၄)ဖွဲ့ဖွဲ့ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာန တောင်သူစုဝေးခန်းမ၊ အထက(၂) ဘိုးရာဇာခန်းမ၊ အထက(၁) ကံကော်ဆောင်ခန်းမအားကစားနှင့် ကာယပညာ ဦးစီးဌာန၊အားကစားခန်းမတို့တွင်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဖွဲ့လျှင် ဆေး၂၅၀ လုံးနှုန်းဖြင့်နေရာခွဲ၍ ထိုးနှံပေးမည်ဖြစ်ကြောင်း တင်ပြခဲ့ရာ တက်ရောက်လာသူများက သဘောတူ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သန်းထိုက် (ရေဦး)