မြိုင်မြို့တွင် ၂၀၂၀ပြည့်နှစ် အသက်(၅)နှစ်အောက်ကလေးများအား ဒုတိယအကြိမ် ဗီတာမင်အေ တိုက်‌ကျွေးခြင်း ဆောင်ရွက်

မြိုင် ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေ (၆)လ တစ်ကြိမ်တိုက်ကျွေးလျက်ရှိရာ ၂၀၂၀ပြည့်နှစ် အတွက် ဒုတိယအကြိမ် တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ဗီတာမင်အေတိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူနာပြုဆရာမများက အသက်(၅)နှစ်အောက်ကလေးငယ်များအား တစ်နှစ်လျှင် ၂ ကြိမ် တိုက်ကျွေးခြင်းစီမံချက်ဖြင့် ၂၀၂၀ ပြည့်နှစ် အတွက် ဖေဖော်ဝါရီလတွင် ပထမအကြိမ် တိုက်ကျွေး ခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် တိုက်ကျွေးခြင်းဖြစ်သည်။

ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဗီတာမင်အေတိုက်ကျွေးခြင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက် များသို့လိုက်လံ ကြေညာထားခြင်းဖြစ်ပြီး ရပ်ကွက်များမှ ကလေးမိခင်များနှင့် အသက်(၅)နှစ်အောက် ကလေးများအား ဩဂုတ်လ ၁၂ရက်နေ့ နံနက်ပိုင်းမှ စတင်တိုက်ကျွေးလျက်ရှိကြောင်းသိရသည်။

သူရ(ပုံတောင်)