ကြာအင်းဆိပ်ကြီး ဩဂုတ် ၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဇမိမြစ်အတွင်း၌ ယမန်နေ့မွန်းလွဲ (၁)နာရီကျော်ခန့်အချိန်က စက်လှေတစ်စင်းတိမ်းမှောက်နေကြောင်း တွေ့ရှိသူများ၏ အသိပေး အကြောင်းကြားလာမှုကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များက စက်လှေဖြင့် အချိန်မီသွားရောက်ပြီး ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ နတ်ချောင်းအလယ်ကျေးရွာအုပ်စုမှ ဒေသခံတောင်သူနှစ်ဦးမှ ဇမိမြစ်တစ်လျှောက် ကြာအင်းဆိပ်ကြီးမြို့သို့ လာရောက်ရောင်းချမည့် ရှောက်သီးနှင့် သံပုရာသီး (၇၈)အိတ်တင်ဆောင်ထားသည့် အလျား(၄၈)ပေ၊ အနံ(၆)ပေရှိသည့် စက်လှေတစ်စင်းအား မြစ်ရိုးတစ်လျှောက် မောင်းနှင်လာစဉ် ကြာအင်းဆိပ်ကြီးမြို့သို့ရောက်ရှိရန် ရေမိုင်(၁)မိုင်ခွဲခန့် နေရာတွင် စက်မှာရေထဲသို့ပြုတ်ကျရာမှ လှေမှာတိမ်းစောင်းပြီးမှောက်ခဲ့ကြောင်းသိရသည်။
အဆိုပါစက်လှေတိမ်းမှောက်မှုကြောင့် မောင်းနှင်စီးနင်းလာသူတောင်သူနှစ်ဦးမှာ အသက်အန္တရာယ် တစ်စုံတရာ ထိခိုက်ဖြစ်ပွားမှုမရှိခဲ့ကြောင်း ၎င်းတို့တင်ဆောင်လာသည့် ရှောက်သီးနှင့် သံပုရာသီးအိတ်များကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်း ပူးပေါင်းကာ ဆယ်ယူပေးခဲ့သဖြင့် ပျက်စီးမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး