ပွင့်ဖြူ ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ် ကြီးရင့်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေး အတွင်း အောက်ဆီဂျင်ပါဝင်မှု ပမဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံဆောင်ရွက်ပေးကြောင်း၊ ကာကွယ်ဆေးထိုးနှံသော သက်ကြီးဘိုးဘွားများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သောကိစ္စများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကာကွယ်ဆေးအလုံးရေ ၂၁၀၀ ရရှိထားပြီး ဆေးတစ်လုံးလျှင် တစ်ဦးနှုန်း ထိုးနှံပေးသွားမည်ကာ စုစုပေါင်း သက်ကြီးဘိုးဘွား ၂၁၀၀ ဦး လျာထား ထိုးနှံပေးသွားမည်ဖြစ်သည်။ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆေးထိုးစုရပ်ပြုလုပ်ပြီး ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ၊ လက်ခုပ် ကျေးရွာနှင့် သရက်အုပ်ကျေးရွာတို့မှ သက်ကြီးဘိုးဘွားများကို စတင်ထိုးနှံပေးခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများကို ထိုးနှံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့်ကျေးရွာများမှ သက်ကြီးဘိုးဘွားများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် သက်ကြီးဘိုးဘွားများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)