ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းမိသားစုနှင့် အသက်(၆၅)နှစ်အထက်ရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ကရသူရိ   ဩဂုတ်    ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းမိသားစုနှင့် အသက်(၆၅)နှစ်အထက်ရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီခွဲက မြို့ပြည်သူ့ဆေးရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထို့သို့ထိုးနှံပေးရာတွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ  မြို့အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များဖြင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့် အထက်မိဘပြည်သူများ၊     ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ စျေးရောင်းချသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm   အမျိုးအစားဖြစ်ပြီး  ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်း ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး အလုံးရေ(၁၀၀)ရရှိထားပြီး     လူဦးရေ(၂၀၀) ခန့်အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  တိုက်နယ်တာဝန်ခံ ဆရာဝန်ထံမှ သိရသည်။

ကရသူရိ (ပြန်/ဆက်)