ဖြူး ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက် (၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရှိနေသေးသည့် ပြည်သူများအား လူမျိုးဘာသာမရွေး ထိုးနှံပေးသွားမည်ဖြစ်ရာ ဇူလိုင်(၃၁)ရက်နေ့၊ နံနက် (၉)နာရီမှ စတင်ကာ ဖြူးမြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကြိုတင်အသိပေးနှိုးဆော်ထားကာ ဖြူးမြို့နယ်အတွင်း စာရင်းအရ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၂၃၆၆၅)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၈၉)ဦး၊Volunteerပရဟိတအဖွဲ့(၃၀)ဦး၊ ဘိုးဘွားရိပ်သာ (၄၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၁၆၄)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၄၇)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ဝန်ထမ်း(၃၁၆)ဦး၊ အချုပ်သား(၇၀)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း(၁၇၅)ဦး စုစုပေါင်း (၂၅၅၉၇)ဦး စာရင်းရရှိထားပြီး ပထမရက်အနေဖြင့် ထိုးနှံပေးသူဦးရေ (၄၀၀)ဦးကျော်ခန့် ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားကာ အမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လိုအပ်သည့် ဆေးစစ်ဆေးမှုများပြုလုပ်ကာ တရုတ်နိုင်ငံမှ ထုတ်လုပ်သော Sinopharm ဆေးအမျိုးအစားကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ပြီး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန် ရှိသူများက လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ နေ့စဉ်တိုးနေလျက်ရှိပြီး ယနေ့ထိ (၁၀၀၈)ဦး၊ သေဆုံးသူမှာ(၅၂)ဦးအထိရှိနေကာ လက်ရှိအခြေအနေအရ ဆေးကုသရေး Centerများတွင်(၁၀၆)ဦး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသူ(၈၅၀)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
နေမျိုးလွင်(ဖြူး)