မြိတ်မြို့တွင် အသက်(၆၅)နှစ်အထက် များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

မြိတ် ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၆၅)နှစ် အထက်များအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ပုလဲရတနာခန်းမ၊ သားဖွားသင်တန်း ကျောင်းနှင့် ခရိုင်အားကစားခန်းမတို့တွင် စတင်ထိုးနှံပေး လျက်ရှိကာ နေ့စဉ် နံနက် (၉)နာရီမှ (၁၂)နာရီထိ (၆)ရက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မြိတ်မြို့မှာ (၆၅)နှစ်အထက်ကို ဦးစားပေးပြီး ထိုးပေးတာပါ။ (၆၅)နှစ်အထက်က ရောဂါ ဖြစ်နှုန်းများပြီး သေဆုံးနှုန်းလည်းများ နေပါတယ်။ ဆေးထိုးနေရာအဖြစ် နေရာ(၃)နေရာ သတ်မှတ်ထားကာ အဖွဲ့(၅)ဖွဲ့ ဖွဲ့ပြီး တစ်ဖွဲ့မှာ ဝန်ထမ်းအင်အား (၃)ဦး၊ ကြက်ခြေနီတပ်ဖွဲ့၊ တပ်မတော်ဆေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ရပ်ကွက် ကျေးရွာများမှ (၆၅)နှစ်အထက်များ လာမခေါ်ဖြစ်ခဲ့ရင် ဆေးထိုးမယ့်နေရာမှာ လာထိုးပေးကြ ပါ ” ဟု မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးအနေကို မြိတ်ခရိုင်အနေဖြင့် ဆေးအလုံးရေ(၈၈၀၀)ရရှိပြီး အသက် (၆၅)နှစ်အထက် (၁၉၆၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊  ကိုဗစ်ရောဂါ ကာကွယ်ဆေး ကို ဦးစားပေးအနေနဲ့ အသက်(၆၅) နှစ်အထက်များကို ဦးစားပေးပြီး ထိုးပေးလျက်ရှိကြောင်း၊ ၄င်းအပြင် ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဝန်ထမ်းများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ နောက်ထပ်လည်း ကိုဗစ်ဆေးများ ထပ်မံရောက်ရှိလာ မည်ဖြစ်ကြောင်း၊ ဆေးရောက်ရှိချိန်တွင် တစ်မြို့လုံးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“အခုလိုမျိုးကာကွယ်ဆေးထိုးပေးတဲ့အတွက် ကျွန်တော်တို့ အသက်ကြီးပိုင်းတွေအတွက် လုံခြုံ စိတ်ချမှုရှိ သွားပါတယ်။ ဒီလိုအဆက်မပြတ်ထိုးပေးနေရင် ကိုဗစ်-၁၉ ကို ကောင်းကောင်း ကျော်ဖြတ်နိုင်မှာပါ။ ဆေးမထိုးရ သေးတဲ့သူတွေ အကုန်လုံးလည်း ဆေးထိုးပေးနေတာကို မရှောင်ဘဲ လာထိုးကြပါလို့ တောင်းဆိုချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့မြို့ ကိုဗစ်ကြောင့် ခံစားနေတာတွေ သက်သာလာမှာပါ ” ဟု  ဆေးလာထိုးသူ ဦးစံမြက ပြောသည်။

ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုး နေရာ(၃)နေရာ ဖြစ်သည့် ပုလဲရတနာခန်းမတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့၊ သားဖွားသင်တန်းကျောင်းတွင် ဆေးထိုး အဖွဲ့(၂)ဖွဲ့နှင့် ခရိုင်အားကစားခန်းမတို့တွင် ဆေးအထိုး အဖွဲ့(၁)ဖွဲ့ စုစုပေါင်းဆေးထိုးအဖွဲ့ (၅)ဖွဲ့ဖြင့် အသက်(၆၅)နှစ်အထက်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး