ဇလွန်မြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်

ဇလွန်   ဩဂုတ်  ၁

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဇလွန်မြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ၁၃ လုံးပြိုကျပျက်စီးခြင်းနှင့် ၁၀လုံး အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ပြိုလဲနေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် ဆန်ရိက္ခာ တစ်ပတ်စာ ထောက်ပံ့ငွေနှင့် အမိုးလန်နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၊ဆန်ရိက္ခာ တစ်ပတ်စာထောက်ပံ့ငွေတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့်  တာဝန်ရှိသူများက  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ ၊ဇလွန်(ပြန်/ဆက်)