နောင်တရား ဩဂုတ် ၁၂
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ရွှေဘုန်းပွင့်ပညာဒါနကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ (၂၆၅)ဦး ရှိပြီး ဩဂုတ်လ ၉ ရက်နေ့တွင် ထွက်ရှိသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်း(၁၀၉) ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၄၁.၁၃ရာခိုင်နှုန်းရှိကြောင်း ၊ အောင်မြင်သူများအနက် ဇီဝဗေဒဘာသာ ဂုဏ်ထူး ရရှိသူ ၄ ဦး၊ ဘောဂဗေဒဘာသာ ဂုဏ်ထူးရရှိသူ ၁ ဦး၊ သင်္ချာဘာသာ ဂုဏ်ထူးရရှိသူ ၁ ဦး၊ ရိုးရိုးအောင်မြင်သူ(၁၀၃)ဦး ဖြစ်ကြောင်း သိရှိရသည်။
“တက္ကသိုလ်ဝင်တန်းအောင်စာရင်းလည်းထွက်ပြီဆိုတော့ ရွှေဘုန်းပွင့်ပညာဒါနကျောင်းမှာ ပညာသင်ကြားနိုင်ဖို့ လာရောက်မေးမြန်းစုံစမ်းတဲ့ ကျောင်းသားမိဘနှင့် ကျောင်းသား ကျောင်းသူတွေ အများကြီး ရှိနေပြီး ကိုဗစ်ကာလဖြစ်တဲ့အတွက် ကျောင်းဖွင့်ခဲ့ရင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် အတိုင်း ဖွင့်လှစ်မှာပါ။ ဖွင့်မဖွင့်ကတော့ ဆရာတော်ကြီး ဦးဂန္ဓမာရဲ့ ဩဝဒအတိုင်း ဖြစ်ဖို့များပါတယ်”ဟု ရွှေဘုန်းပွင့် ပညာဒါန ကျောင်းအုပ်ချုပ်သူ ဦးရာဇိန္ဒ က ပြောသည်။
အလားတူ “ရွှေဘုန်းပွင့်ပညာဒါနကျောင်းမှာ ကျောင်းတက်ခွင့်ရဖို့ လာရောက်စုံစမ်းတာပါ။ ခုထိတော့ ကျောင်း ဖွင့်မယ်၊ မဖွင့်ဘူး မသိရသေးပါဘူး ကျောင်းပြန်ဖွင့်ခွင့်ရဖို့ မျှော်လင့်မိပါတယ်” ဟု ဒိင်ရွေးကျေးရွာမှ ကျောင်းသား ခွန်မြတ်သိန်းက ပြောသည်။
ရွှေဘုန်းပွင့်ပညာဒါနကျောင်းကို ဦးသူရိန္ဒမှ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း ကျရှုံး သည့် ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေး အတွက် နေ့ကျောင်းသီးသန့်ဖြင့် စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ ဆွေမျိုးနန္ဒာ စာသင်ဆောင် တွင် စာသင်ခန်း ၄ ခန်း နှင့် မြန်မာ့ဩဘာစာသင်ဆောင်တွင် စာသင်ခန်း ၃ ခန်းရှိ စုစုပေါင်း(၇) ခန်းရှိပြီး ကျောင်းသား / ကျောင်း သူ(၃၀၀)ဦး ခန့် လက်ခံသင်ကြားပေးနိုင်ခဲ့ကြောင်း၊ အပတ်စဉ် တနင်္လာနေ့ မှ စနေနေ့အထိ နံနက်(၈)နာရီမှ ညနေ(၁၇၀၀)နာရီအချိန်အထိ သင်ကြား ပေးကြောင်း၊ ကျောင်းပြန်လည် ဖွင့်လှစ် ခွင့်ရ ရှိပါက ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ဆောင် ရွက်သွားမည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျောင်းပြန် ဖွင့်ခွင့်ရ ရှိရန်မှာ မသေချာသေးသော်လည်း ဖွင့်လှစ်ခွင့်ရရှိနိုင်ရေး တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်တရားမြို့၌ တည်ထောင်ဖွင့်လှစ်ထားသော ရွှေဘုန်းပွင့်ပညာဒါနကျောင်းကို တက္ကသိုလ်ဝင်တန်း၌ ကျရှုံးခဲ့သည့် ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်စေရန်၊ လူ့စွမ်းအား အရင်းမြစ် များဖွံ့ဖြိုး တိုးတက်စေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များတစ်ဖက်တစ်လမ်းမှ ပါဝင်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် မှ ယနေ့အထိ (၇)နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူ (၆၇၂)ဦးရှိပြီ ဖြစ်ကြောင်း၊ အဆိုပါပညာဒါနကျောင်းသည် ဒေသခံကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများ၏ အားကိုးရာဖြစ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)