လွိုင်လင် ဇူလိုင် ၃၁
၁။ မေး - လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးမှုနှင့်ပတ်သက်ပြီး လွိုင်လင်မြို့နယ်အတွင်းရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကိုသိပါရစေ။
ဖြေ - လွိုင်လင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့အနေဖြင့် အဓိကတော့ ပြည်သူကိုကျန်းမာရေးပညာပေးခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူ ထုအားဆောင်ရန်၊ ရှောင်ရန်အသိပေးနှိုးဆော်ခြင်း လုပ်ငန်းပဲဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေ ထဲမှာတော့ (MaskCampaign)ပြုလုပ်ခြင်း၊လက်ကိုမကြာခဏဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်း ၊တစ်ယောက်နှင့် တစ်ယောက် ဝေးဝေးနေခြင်း၊တတ်နိုင်သမျှအိမ်မှာသာနေခြင်း ဆိုတဲ့အပိုင်းတွေပါပါတယ်။ ဒါကတော့ ရောဂါပြန့်ပွါး မှုနှင့် ပတ်သက်ပြီး ထိရောက်သော ကာကွယ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။
ထိန်းချုပ်တဲ့အပိုင်းမှာ ဆိုရင်လည်း သံသယလက္ခဏာရှိတဲ့ လူတွေကို သွားလာကန့်သတ်ခြင်း Quarantine ပိုးတွေ့လူနာနှင့်သတ်မှတ်ထားသောရက်များတွင်နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်(Swab)စစ်ဆေးပေး ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျှက်ရှိပါတယ်။
၂။ မေး - လွိုင်လင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသပေးနေမှုများကိုသိပါရစေ။
ဖြေ - ကိုဗစ်-၁၉ ရောဂါ ကုသပိုင်းအနေဖြင့်ပြောရလျှင် လွိုင်လင်အထွေထွေရောဂါကုဆေးရုံကြီးတွင် လက္ခဏာ ပြင်းထန်သူ(၂၀)ဦးခန့်ကို ကုသပေးနိုင်ရန်ပြင်ဆင်ထားရှိပါတယ်။သမားတော်၏ ညွှန်ကြားချက်အတိုင်း လူနာများကို ပြုစုကုသပေးလျှက်ရှိပါတယ်။ လက္ခဏာမပြသောလူနာများနှင့် လက္ခဏာအသင့်အတင့်ရှိသော Covid-19 Positive လူနာများကို Covid-19 Positive Centre တွင် စောင့်ကြပ်ကြည့်ရှုပေးလျှက်ရှိပါတယ်။
၃။ မေး - ကိုဗစ် - ၁၉ သံသယလူနာများကို ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးမှုတွေကိုဘယ်နေရာတွေမှာ ဘယ်လိုပုံစံမျိုးတွေနဲ့စစ်ဆေးပေးနေပါသလဲ။
ဖြေ _ ကိုဗစ် - ၁၉ သံသယလူနာများကို ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးနေခြင်းအား လက်ရှိတွင်ဆေးရုံရှိ Fever Corner နေရာတွင် လူနာများအားထားရှိပြီး(RTD)ဖြင့် စစ်ဆေးပေးလျက်ရှိပါတယ်။
၄။ မေး - ဆီးချိုသွေးတိုးနဲ့ နှလုံးရောဂါကဲ့သို့ နာတာရှည်ဝေဒနာရှင်များအနေနဲ့ ရောဂါကူးစက်ဖို့ မရှိစေဖို့ ဘယ်လို နေထိုင်ပြုမူသင့်ပါသလဲ။
ဖြေ - ဆီးချိုသွေးတိုးနဲ့နှလုံးရောဂါကဲ့သို့ နာတာရှည်ဝေဒနာရှင်များသည် ရောဂါကူးစက်ခံရပါက သာမန်လူထက် ကုသမူပိုင်းတွင် ပိုမိုဂရုစိုက်ရတာကြောင့် မိမိကိုယ်ကိုရောဂါကူးစက်မှု မရှိစေရန် အထက်ပါပြောခဲ့သော ကာကွယ်ရေး နည်းလမ်းများအတိုင်း နေထိုင် ပြုမူရန် လိုအပ်ပါတယ်။ အကယ်၍ ရောဂါဖြစ်ပွားပါက နားလည်တတ်ကျွမ်းသော သမားတော် ဆရာဝန်များ၏ အကြံဉာဏ်ရယူပြီးမှသာ ကုသမှုခံယူသင့်ပါတယ်။
၅။ မေး - ကိုဗစ်-၁၉ ရောဂါကာကွယ်ရာမှာ ကာကွယ်ဆေးထိုးနှံမှုရဲ့ အရေးပါမှုကို သိပါရစေ ။
ဖြေ - ကိုဗစ်-၁၉ ရောဂါကာကွယ်ရာမှာ ကာကွယ်ဆေးထိုးနှံမှု (၂)ကြိမ် အပြည့်ရရှိဖို့ အရေးပါပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေအနေနှင့် ရောဂါကူးစက်ခံရရင်တောင်မှ ရောဂါပြင်းထန်စွာမခံစားရခြင်း ၊ ဆေးရုံး တက်ရောက်ရခြင်းကနေ ကင်းဝေးနိုင်ပါတယ်။ သေဆုံးမှုအထိ မဖြစ်နိုင်ဘူးလို့ သုံးသပ်ရပါတယ်။
၆။ မေး - ကာကွယ်ဆေူထိုးပြီးသူများလည်း ပိုးတွေ့ရှိမှုတွေဖြစ်နေတယ်လို့ လူမှုကွန်ယက်တွေမှာ တွေ့မြင ်ကြားသိနေရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ ဒွိဟဖြစ်နေသူများလည်း ရှိနေတဲ့အတွက် ဆရာ့အနေနဲ့ ဘယ်လို သတင်းစကားပါးချင်ပါသလဲ။
ဖြေ - ကာကွယ်ဆေးထိုးပြီးသူများလည်း ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှုတွေ ဖြစ်နေတယ်လို့ လူမှုကွန်ယက်တွေမှာ တွေ့မြင်ကြားသိနေရတဲ့အချက်နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးထိုးဖို့ ဒွိဟဖြစ်နေသူများကိုလည်း ကာကွယ် ဆေးထိုးနှံဖို့ အခွင့်အရေးရပြီ ဆိုတာနဲ့မပျက်မကွက် ထိုးနှံပါလို့ ပြောချင်ပါတယ်။ အဓိကအားဖြင့် ကိုဗစ် - ၁၉ စည်းကမ်းတွေကို လိုက်နာမှသာ မိမိအတွက် ၊ မိသားစုအတွက် ၊ ပြည်သူတွေအတွက် ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။
၇။ မေး - ကိုဗစ်လူနာများအတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင်အတွက် ဆရာတို့အနေနဲ့ စီမံ ဆောင်ရွက် ထားရှိမှုများကို သိပါရစေ။
ဖြေ - အောက်ဆီဂျင် လိုအပ်ချက်အနေနှင့် လက်ရှိတွင် လွိုင်လင်အထွေထွေရောဂါကုဆေးရုံကြီးတွင် ရှိသော အောက်စီဂျင် ပလန်င် စက်မှ (၁) ရက်လျှင် (၄၀)လီတာအိုး (၈)လုံးခန့် ထုတ်ပေးလျှက် ရှိပါတယ်။ Isolation Ward တွင်ပျမ်းမျှအားဖြင့် (၄၀)လီတာ (၁၀)အိုးမျှ အသုံးပြုရပြီး လိုအပ်သော အောက်စီဂျင်ကို ပြင်ပမှ ဝယ်ယူဖြည့်သွင်း ရပါတယ်။ လက်ရှိတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကူညီပံ့ပိုးမှုဖြင့် အောက်စီဂျင်(၄၀) လီတာအိုး (၁၀)အိုးအား လွိုင်လင်မြို့ ၊ အထွေထွေရောဂါကုဆေးရုံကြီးအတွက် လက်ခံရရှိပြီး လူနာများမဝယ်ယူရအောင် အိုးအခွံများကို တောင်ကြီးသို့ သယ်ယူပြီး အောက်စီဂျင်ဖြည့်သွင်းရန် ပြန်လည်ထောက်ပံ့မည် ဖြစ်ကြောင်း သိရှိရပါတယ်။
၈။ မေး - ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြားချင်တာများ ရှိရင် ဖြည့်စွက်ပြောကြားပေးဖို့ပါ။
ဖြေ - ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်။ လူတိုင်းလူတိုင်း ၊ မိသားစုတိုင်း ၊ ပြည်သူအားလုံး ပါဝင်ဖို့လိုပါတယ်။ လူတိုင်းကျန်းမာရေးအသိ ၊ ကျန်းမာရေးသတ်ရှိပြီး ကာကွယ်ရေး လုပ်ငန်းများ ကောင်းမှသာ ရောဂါဖြစ်ပွားမှု နည်းပါးပြီး၊ ကုသရေးပိုင်းမှာလည်း ထိထိရောက်ရောက် ကုသနိုင်မှာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်းသူ - နန်းဦးခမ်း (ပြန်/ဆက်)