ငဖဲ ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများနှင့် အရေးကြီး လူနာများ အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် အောက်စီဂျက်စက်ဝယ်ယူ တပ်ဆင်နိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က မြို့နယ်အနေဖြင့် ဝယ်ယူနိုင်မည့်စက်အမျိုးအစားများကို Power Point ဖြင့် ပြသရှင်းလင်းကာ အောက်စီဂျင်ထုတ်လုပ်မည့် အလုံးရေပေါ်မူတည်ပြီး ကုန်ကျစရိတ်ရှိမည်ဖြစ်ကြောင်း၊ အောက်စီဂျင် ၄၀ လီတာအိုး အလုံး ၂၀ ထုတ်လုပ်နိုင်မည့် စက်တန်ဖိုးခန့်မှန်း ကုန်ကျစရိတ် ငွေကျပ်သိန်း(၆၀၀)ခန့် နှင့် ၄၀လီတာအိုး ၅၅လုံး ထုတ်လုပ်နိုင်မည့် စက်တန်ဖိုး ခန့်မှန်းကုန်ကျစရိတ် ငွေကျပ်သိန်း (၆၈၀)ခန့် ရှိကြောင်း ၊မြို့နယ်အနေဖြင့် တတ်နိုင်မည့် စက်အမျိုးအစားကိုရွေးချယ်စေလိုကြောင်း၊ စက်နှင့်အတူ အဆောက်အဦဆောက်လုပ်မည့် ကုန်ကျစရိတ်လည်းရှိလာမည်ဖြစ်ကြောင်း၊ မကွေးတိုင်းစီမံအုပ်ချုပ်ရေး ကောင်စီမှ အောက်စီဂျင်စက် ဝယ်ယူတပ်ဆင်နိုင်ရန် မတည်ငွေကျပ်သိန်း(၅၀၀)ခွဲဝေခွင့်ပြုထားရှိကြောင်း နှင့် လိုအပ်မည့် ရန်ပုံငွေနှင့် စက်ရုံတည်ဆောက်ရန်သင့်တော်မည့်နေရာကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် ညှိနှိုင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးတင်မောင် အေးတို့က မြို့နယ်အနေဖြင့် သင့်တော်မည့် အောက်စီဂျင်စက်ဝယ်ယူတပ်ဆင် တည်ဆောက် နိုင်ရေး အတွက် မြို့မိမြို့ဖများကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက အောက်စီဂျင် စက်နှင့် စက်ရုံတည်ဆောက်နိုင်ရေးအတွက် ရန်ပုံငွေရှာဖွေရေး၊ အဆောက်အဦတည်ဆောက်မည့်နေရာနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်နိုင်ရေးတို့ကို တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင်မှ ပြန်လည်ညှိနှိုင်းပြောကြားခဲ့ပြီး အောက်စီဂျင်စက် ဝယ်ယူတည်ဆောက်ရေးကော်မတီများ ဖွဲ့စည်းခဲ့ကြ ကြောင်း သိရသည်။
မယု(ငဖဲ)