မအူပင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆး

မအူပင် ဇူလိုင်လ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း အောက်ဆီဂျင်အရေးပေါ် လိုအပ်လာပါက အောက်ဆီဂျင် အလုံအလောက် ရရှိစေနိုင်ရန်အတွက် တပင်ရွှေထီးလူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ အလှူရှင် ဦးဉာဏ်ထွန်း(ခ) ဦးဒလစ်က လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေမှုကို ယမန်နေ့နံနက် ၁၁ နာရီခွဲက အမှတ် (၆) ရပ်ကွက် မြို့ရှောင်လမ်းရှိ စက်ရုံတည်ဆောက်လျက်ရှိသည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိသည့်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး​အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်၊ ခရိုင်ရဲမှူး ယာယီဒုတိယရဲမှူးကြီးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များက စက်ရုံ တည်ဆောက်လျက်ရှိသည့် အခြေအနေများ၊ စက်သယ်ယူမည့် ခရီးလမ်းကြောင်း အခြေ အနေများ၊ လျှပ်စစ်မီးရရှိမှု၊ စက်ရောက်ရှိမည့် နေ့ရက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 

တပင်ရွှေထီး လူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ အလှူရှင်ဦးဉာဏ်ထွန်း (ခ) ဦးဒလစ်မှ လှူဒါန်းသည့် တစ်နေ့လျှင် (၄၀)လီတာအိုး (၂၆၀) အိုးခန့် ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှု အခြေအနေနှင့် စက်ရုံလည်ပတ်ပါက မအူပင်မြို့နယ်ရှိ ပြည်သူများအား အောက်ဆီဂျင် လုံလောက်စွာ အခမဲ့ပေးသွားမည်ဖြစ်ပြီး ခရိုင်အတွင်းရှိ မြို့နယ်များ ပါလိုအပ်လာပါက ဆက်လက်၍ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်မှုအတွက် သိန်း ၅၀၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း စက်ရုံအလှူရှင် ဦးဉာဏ်ထွန်း(ခ) ဦးဒလစ်ထံမှ သိရသည်။