လပွတ္တာ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင်ကိုဗစ်- ၁၉ ကာကွယ်ဆေးကို လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် အသက် (၆၅)နှစ်အထက် အဘိုးအဖွားများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဇူလိုင်လ၃၀ရက်နေ့မှ စတင်ပြီး လပွတ္တာမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာတို့မှ အသက် (၆၅)နှစ် အထက် အဘိုးအဖွားများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"လပွတ္တာမြို့နယ်အနေနဲ့ ကိုဗစ်-၁၉ကာကွယ်ဆေးကို အလုံး(၁၅၀၀) ရရှိပြီး လပွတ္တာမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတို့က အသက်(၆၅) နှစ်အထက်တွေကို ထိုးနှံပေးမှာပါ။ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ထိုးနှံပေးမှာပါ၊ ဒုတိယအကြိမ်အနေနဲ့ ကိုဗစ် ကာကွယ်ဆေးများကို နောက်လ ၂၈ ရက်နေ့မှာထိုးနှံပေးသွားမှာပါ အခုမနက်ပိုင်းအထိ လာထိုးတာကတော့ ၁၂၀ ယောက်ရှိသွားပြီလို့" မြို့နယ်ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
" ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဖို့ အခုဆေးကို လာထိုးရတာပါ အခုဆိုရင် သက်ကြီးပိုင်းထဲတွေကနှင့် ဆေးမထိုးတဲ့လူ အများဆုံးသေနေကြတာဖြစ်လို့ ကြောက်တာလည်း ပါတာပေါ့ အဲတာကြောင့်ဆေး လာထိုးတာပါ"ဟု ကာကွယ်ဆေး လာရောက်ထိုးနှံသူ အမှတ်-၇ရပ်ကွက်မှ အသက်(၇၀)အရွယ်ဒေါ်တင်စန်းကပြောသည်။
အဆိုပါကာကွယ်ဆေးထိုးနှံသည့် မြို့နယ်ပြည်သူ့ဆေးရုံအဟောင်းသို့ လပွတ္တာမြို့မရဲစခန်းမှ အချုပ်သား ၅ ဦးနှင့် ရပ်ကွက်များမှ အဘိုးအဘွားများ လာရောက်ထိုးနှံလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကိုလည်း ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယောဧရာ