ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံခြင်းနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ပုသိမ်  ဇူလိုင်   ၃၀

လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ပြန့်နှံ့မှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ စတင်ထိုးနှံခြင်းကို ဇူလိုင်လ ၂၉ ရက်၊ နံနက် ၉ နာရီမှစတင်၍ ပုသိမ်မြို့ မြို့တော်ခန်းမ၊ ပုသိမ်မြို့ အထက(၁) နှင့် အထက(၄) ကျောင်းများတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို စတင် ထိုးနှံပေးလျက်ရှိပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဦးစီးဌာန၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်နေသည့် ကြက်ခြေနီ တပ်ဖွဲ့နှင့် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် မိဘပြည်သူများအား တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြအပ်ပါသည်။

(ဒေါ်ဝင့်မွန်လွင်-အမျိုးသမီး ကျန်းမာရေးဆရာမ(LHV) ဒေသန္တရကျန်းမာရေးဌာန (UHC)

မေး။ ဒီကနေ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမှာ ကျန်းမာရေး ဝန်ထမ်းတစ်ဦးအနေနဲ့ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့်ရတဲ့အပေါ် ဆရာမအနေနဲ့ ပြောချင်တာလေးရှိရင် ပြောပြပေးပါရှင်။

ဖြေ။ကျွန်မကတော့ဒေါ်ဝင့်မွန်လွင်ဖြစ်ပါတယ်။(အမျိုးသမီးကျန်းမာရေးဆရာမ(LHV) ဒေသန္တရကျန်းမာ ရေးဌာန(UHC)ကပါရှင်။ ကျွန်မအနေနဲ့ကတော့ အခုရောဂါဖြစ်နေတဲ့အချိန်မှာ ဧရာဝတီတိုင်း ဒေသကြီးက ရောဂါအဖြစ်အများဆုံးဖြစ်တဲ့အပြင် အသက်အုပ်စုကိုကြည့်ရင်လည်း အဖြစ်အများဆုံး အသက်အရွယ်တွေဖြစ်နေတဲ့ အသက် ၆၅ နှစ် အထက်တွေကို အခုလို ဆေးထိုးပေးရတဲ့အတွက် ကိုယ့်ရဲ့အဖိုးအဖွားတွေကို၊ ဆွေမျိုးတွေကို ကာကွယ်ပေးခွင့်ရတယ်လို့ ကျွန်မတို့ ခံစားရပါတယ်။ သူတို့ရဲ့တစ်စိတ်တစ်ဒေသကို ၁၀၀% ရာခိုင်နှုန်း မကာကွယ်နိုင်ရင်တောင်မှ ကျွန်မတို့ ထိုးပေးတဲ့ ဆေးလေးနဲ့ပဲ သူတို့ကို ၉၀ % သူတို့မိသားစုရဲ့ ထက်ဝက်လောက်ကိုပဲ ကာကွယ်နိုင်ခဲ့တယ်ဆိုရင် ကျွန်မတို့ရဲ့လုပ်အား တစ်နိုင်တစ်ပိုင်အားလေးနဲ့ ဒီလိုမျိုးလုပ်ပေးခွင့်ရတဲ့အတွက် ဝမ်းသာမိသလို ဒီလိုမျိုး လုပ်ပေးခွင့်ရတဲ့အတွက်လည်း ကျေးဇူး တင်မိပါတယ်။

မေး။ အခု ကာကွယ်ဆေးထိုးတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိရင်လည်း ပြောပြပေးဦးရှင်။

ဖြေ။ ကျွန်မတို့အနေနဲ့ လေ့ကျင့်ထားပြီးဖြစ်တဲ့အတွက် အခက်အခဲရယ်လို့ သိပ်မရှိပါဘူး။ အထက်လူကြီး တွေရဲ့ စီမံညွှန်ကြားချက်အတိုင်းကို ပထမရက်ကတည်းက အစီအစဉ်တွေဆွဲတယ်၊ ဘယ်ရပ်ကွက် တွေဆိုတာကို နေရာချတယ်၊ ချိတ်ဆက်တယ်၊ပြီးတော့ ဆေးထိုးရမယ့်နေရာတွေကို မနေ့ကတည်း က ကြိုတင်ပြင်ဆင်တယ်၊ ဒီကနေ့ကျတော့ ဆေးတွေကို တိုင်းကနေ ဆရာဝန်ကြီးရဲ့စီစဉ်မှုနဲ့ ထိုးနှံ ပေးပါတယ်။ ဒါကတော့ ကျွန်မတို့အမြဲလုပ်နေကျလုပ်ငန်းဆိုတော့ အခက်အခဲမရှိပါဘူးရှင်။

(ဦးအုန်းကျော်- ရပ်ကွက် ၁၊ ပုသိမ်မြို့)

မေး။ ပထမဦးဆုံးအနေနဲ့ အဘရဲ့ နာမည်လေးနဲ့ ဘယ်နေရာကနေ ကာကွယ်ဆေးလာရောက်ထိုးနှံ တယ်ဆိုတာလေး ပြောပြပေးပါရှင်။

ဖြေ။ အဘရဲ့နာမည်ကတော့ ဦးအုန်းကျော်ဖြစ်ပါတယ်။ ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်ကနေလာတာပါ။ အသက်ကတော့ ၈၁ နှစ်ရှိပါပြီ။

မေး။ အဘအနေနဲ့ အခုကိုဗစ်ကာကွယ်ဆေးလာထိုးတာ ပထမဆုံးအကြိမ်ပါလား။ ဆေးထိုးဖြစ်တဲ့ အကြောင်းလေးကိုလည်း နည်းနည်းလောက် ပြောပြပေးပါဦး။

ဖြေ။ အခု မြို့တော်ခန်းမမှာ ကာကွယ်ဆေးထိုးပေးနေတယ်တဲ့၊ အသိတစ်ယောက်က သူအရင်ဆေးထိုး ပြီးပြန်လာတယ်လို့ကြားတော့ အဘလည်း ရေးမိုးချိုးပြီးတော့ တစ်ယောက်တည်း စက်ဘီးစီးပြီး ထွက်လာခဲ့တာပဲ။ ဆေးထိုးရတဲ့အကြောင်းကတော့ ရောဂါဖြစ်မှာကြောက်လို့ပါ။ အခု ဆေးထိုးပြီးလို့ ဆရာမတွေက ခဏလေးအနားယူပါဆိုလို့ ထိုင်စောင့်နေတာပါ။ အခုဆေးထိုးပြီးတော့ အဘအနေနဲ့ ထူးထူးခြားခြားဘာမှ မခံစားရပါဘူး။

မေး။ အခုလို နိုင်ငံတော်က တာဝန်ရှိသူတွေက အဘတို့လို့ အသက်အရွယ်ကြီးသူတွေကို ဦးစားပေးပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးပေးတဲ့အပေါ်မှာ အဘအနေနဲ့ ဘာများပြောချင်ပါလဲရှင်။

ဖြေ။ အဘအနေနဲ့ နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး မထိုးရ သေးတဲ့သူတွေကိုလည်း ကာကွယ်ဆေး မထိုးရသေးရင်သွားထိုးကြပါလို့ နီးစပ်ရာတွေကို တိုက်တွန်း ပေးသွားပါမယ်။

(ဒေါ်ညိုတင်၊ အမှတ် ၁ ရပ်ကွက်၊ စကားဝါလမ်း)

မေး။ ပထမဦးဆုံးအနေနဲ့ အန်တီရဲ့နာမည်နဲ့ ဘယ်နေရာကနေ ဆေးလာထိုးတာလဲဆိုတာ ပြောပြပေး ပါရှင်။ ဘာကြောင့် ကာကွယ်ဆေးလာရောက်ထိုးဖြစ်တယ်ဆိုတာလဲ သိပါရစေ။

ဖြေ။ ကျွန်မကဒေါ်ညိုတင်ပါ။ အမှတ် ၁ ရပ်ကွက်၊ စကားဝါကနေလာတာပါ။ အသက်ကတော့ ၇၈ နှစ်ပါ။ အခုအဖြစ်များနေတဲ့ ကိုဗစ်ရောဂါ ကိုယ့်မှာဝင်ရောက်လာမှာစိုးရိမ်လို့ပါ။ ပထမအကြိမ် ကာကွယ် ဆေး ထိုးနှံတုန်းက မသိလိုက်လို့ မထိုးဖြစ်ခဲ့ပဲ အခုမှ ဆေးထိုးခွင့်ရတာပါ။

မေး။ အခုလို ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့အပေါ် ဘယ်လိုခံစားရပါလဲ။

ဖြေ။ ဆေးမထိုးခင်ကတော့ စိတ်ပူပန်နေရတယ်။ အခုဆေးထိုးလိုက်ရတော့ စိတ်ထဲမှာပေါ့ပါးသွားတယ်၊ စိတ်လုံခြုံမှု ၊ စိတ်ချမ်းသာမှု ရသွားတယ်၊ နောက်ပြီးတော့ ရောဂါအနေနဲ့ ကာကွယ်မှုရတယ်ဆိုပြီး ထိုးချင်နေခဲ့တာကြာပြီဆိုတော့ အခုမှ ထိုးဖြစ်သွားခဲ့ပါတယ်။

မေး။ ကာကွယ်ဆေးထိုးပြီးတော့ ဆေးထိုးခွင့်ရတဲ့အပေါ် ဝမ်းသာပီတိစကားလေးလည်းပြောပေးပါဦး။

ဖြေ။ ကာကွယ်ဆေး ထိုးခွင့်ရပြီဆိုတော့ အရမ်းဝမ်းသာမိပါတယ်။ တီဗီထဲမှာဆေးထိုးသူတွေရဲ့ ဝမ်းသာ ပီတိစကားသံတွေလည်း ကိုယ်တိုင်လည်းကြားသိရတယ်။ ကာကွယ်ဆေး မထိုးဖြစ်တဲ့သူမရှိအောင် ကိုယ်တိုင်လည်း တိုက်တွန်းသွားပါ့မယ်။ အခုလို အသက်ကြီးသူတွေကို ဦးစားပေးထိုးနှံပေးတဲ့ အတွက် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်။

(ဦးတင်ဌေးအောင်၊ ပုသိမ်မြို့နယ်ကြက်ခြေနီ မြို့နယ်တပ်ဖွဲ့မှူး)

မေး။ ကိုဗစ်ကာကွယ်ဆေး ပထမရက် ထိုးနှံမှုမှာ ဆရာအနေနဲ့ပါဝင် ဆောင်ရွက်ရတဲ့အပိုင်းလေးကို ပြောပြပေးပါရှင်။

ဖြေ။ ကျွန်တော်ကတော့ ဦးတင်ဌေးအောင်ပါ။ ပုသိမ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်နေပါတယ်။ အခုကာကွယ်ဆေးထိုးတဲ့ ပထမရက်မှာ ပုသိမ်မြို့အနေနဲ့ စုရပ် ၃ နေရာခွဲထားပါတယ်။ အထက(၁)၊ အထက(၄)နဲ့ မြို့တော်ခန်းမတို့နေရာပဲဖြစ်တယ်။ ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့ စုရပ် ၃ နေရာမှာ အင်အား ၂ ဦးစီနဲ့ ကျန်းမာရေးဌာနရဲ့ ဆေးထိုးတဲ့လုပ်ငန်းမှာ လိုအပ်တာလေးတွေ ကူညီဆောင်ရွက်ပေးတယ်၊ သက်ကြီးရွယ်အိုတွေ ဆေးလာထိုးတာဖြစ်တဲ့ အတွက် သက်ကြီးရွယ်အိုတွေ၊ တစ်ချို့တွေ မသန်စွမ်းတာလေးတွေပါတာရှိတယ်၊ ဒါတွေကို ကျွန်တော်တို့လိုက်ပြီးတော့ ဆေးထိုးတာအဆင်ပြေအောင်ရယ်၊ သွားတာ လာတာ ပြန်တဲ့အထိ ကူညီဆောင်ရွက်ပေးပါတယ်။ မနက် ၉ နာရီကစပြီးတော့ ဆေးထိုးပေးနေတာ အခုဆို ၉၀ ကျော်လောက် လာရောက်ထိုးနှံပြီးဖြစ်ပါတယ်။

မေး။ ကိုဗစ်ရောဂါ ကာကွယ်ဆေး လာရောက်မထိုးတဲ့သူတွေကိုရော ဆရာအနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ။ အခုအဖြစ်များနေတဲ့ ကိုဗစ်ရောဂါကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ရှိနေတယ်ပေါ့။ ဒီတော့ သက်ကြီးရွယ်အိုတွေအနေနဲ့ အသက် ၆၅ နှစ်နဲ့အထက်တွေကို နိုင်ငံတော်ကနေ ဦးစားပေး ထိုးနှံ ပေးတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘိုးဘွား မိဘတွေရဲ့ ကျန်းမာရေးအတွက် ကိုဗစ်ရောဂါကာကွယ် ဆေးကို လာရောက်ထိုးနှံပေးကြဖို့ တိုက်တွန်းလိုပါတယ်။

တွေ့ဆုံမေးမြန်းသူ - မြင့်သန်းဦးနှင့်ခင်စန္ဒာဆွေ(ပြန်/ဆက်)

ဓာတ်ပုံ - မြင့်ဟန် (ပြန်/ဆက်)