ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ခုတင်(၅၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

မေး။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး သိလိုပါတယ်ရှင်။

ဖြေ။ ပြည်ခုတင်(၅၀၀)ဆေးရုံကြီးမှာဆိုရင် (၂၉-၇-၂၀၂၁) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ လူနာ(၁၂၃၈) ဦး ၊ ဆေးရုံဆင်းလူနာ (၈၇၈) ဦး၊ သေဆုံးလူနာ (၁၂၃)ဦး ရှိပါတယ်။ အပြင်မှာ သေဆုံးပြီး ဆေးရုံမှာ စစ်ဆေးမှု ပြုလုပ်ပေးတဲ့သူ (၁၉) ဦးရှိပါတယ်။

မေး။ ပြည်သူတွေအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရှိလာပြီဆိုရင် ဘယ်လိုဆက်သွယ် ဆောင်ရွက်ရမလဲဆိုတာ သိပါရစေရှင်။

ဖြေ။ ပြည်သူတွေအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာပြလာရင် အရေးပေါ်နှင့်ပြင်ပလူနာဌာနမှာ ကိုဗစ် သီးသန့် စစ်ဆေးပေးသည့် ဌာနရှိပါတယ်။ အဲ့ဒီဌာနမှာ စစ်ဆေးလို့ရပါတယ်။ Positive ဖြစ်လျှင် ဆေးရုံတက်ကုသပေးပါတယ်။ ဆက်သွယ်ရမည့် နည်းလမ်းကတော့ ရောဂါ လက္ခဏာ တွေ့လာပြီဆိုလျှင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းတွေနဲ့ ဆက်သွယ်ပြီး ဆေးရုံသို့ လာရောက်နိုင်ပါတယ်။ (၂၄)နာရီ စစ်ဆေး ပေးနေပါတယ်။

မေး။ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် ဘယ်လိုပြုမှု နေထိုင်သင့်သလဲ ဆိုတာ ရှင်းပြပေး စေချင်ပါတယ်ရှင်။

ဖြေ။ ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရအောင် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ ကူးစက်မှုလည်း မြန်နေတယ်။ ပြည်မြို့နယ်အနေဖြင့် Stay at Home မြို့နယ်အနေနဲ့လည်းပါတယ်။ ဒေသတွင်းကူးစက်မှုများရှိနေတဲ့အတွက် မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ဧည့်သည် လက်မခံပါနဲ့၊ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့ Mask တပ်ရမယ်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့ အရေးကြီးပါတယ်။ အပြင်က ပြန်လာပြီဆိုရင် လည်း ကိုယ့်ရဲ့ အဝတ်အစား အသုံးအဆောင် ပစ္စည်းတွေကိုလည်း သေချာဆေးကြောဖို့ ၊ လျှော်ဖွပ်ဖို့အရေးကြီးပါတယ်။ ဖြစ်နိုင်ရင် လူစုလူဝေးတွေကို မသွားဖို့၊ အဓိကက ကိုယ့်ကိုယ် ကိုကာကွယ်ဖို့၊ ရောဂါသံသယလက္ခဏာရှိလျှင်ဆေးရုံ၊ ဆေးခန်းကို ချက်ခြင်းပြဖို့ နောက်တစ်ခုက ကိုယ့်မိသားစုဝင်တစ်ဦးမှာ လက္ခဏာရှိတယ်ဆိုရင်လည်း အဲ့ဒီမိသားစုဝင်ကို သီးသန့်ခွဲခြားထားဖို့၊ ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့ လမ်းညွှန် ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင်၊ အာဟာရရှိအောင် အစားအသောက် တွေစားမယ်၊ ကိုယ်ခံအားပြည့်အောင်၊ နေထားမယ် ဆိုရင် တော်တန်ရုံ ရောဂါကူးစက်မှု မခံရဘူး။ အစားအသောက်အနေအထိုင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးမယ် ဆိုရင် ကူးစက်မှု နှုန်းနည်းလာမှာဖြစ်ပါတယ်။

မေး။ ကိုဗစ်ကာလမှာ ကုသမှုနှင့် ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်ရှင်။

ကိုဗစ်ကာလမှာ ကုသမှု အခြေအနေကတော့ ပြည်ဆေးရုံကြီးအနေဖြင့် Positive လူနာ အကုန်လုံးကို ကုသပေးနေပါတယ်။ အခုအချိန်အထိတော့ ဆေးရုံမှာ ကုသမှုပေးနိုင်တဲ့ အနေအထား ရှိပါတယ်။ ကိုဗစ်လူနာအတွက် သီးသန့်အဆောင် Isolation Ward အဆောင် (၃)ဆောင်ထားရှိပြီး ကုသပေးလျက်ရှိပါတယ်။ လက်ရှိအနေဖြင့် ကိုဗစ်ရောဂါကုသရန် အတွက် သမားတော်(၁)ဦး၊ လက်ထောက်ဆရာဝန်(၆)ဦး၊ သူနာပြုဆရာမ (၄၀) ဦးဖြင့် သီးသန့်ထားရှိ ကုသပေးလျက်ရှိပါတယ်။

မေး။ ပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်ရရှိမှုအခြေအနေနဲ့ လိုအပ်ချက်အပေါ် ဆောင်ရွက် ထားရှိမှု အခြေအနေကိုလည်း သိပါရစေရှင်။

ဖြေ။ ပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်ရရှိမှုအခြေအနေကတော့ ပြည်ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနက ချပေးထားတဲ့ တနေ့ကို 40 လီတာ အိုးကြီး (၅)လုံးထွက်စက်ရုံ နှင့် ဝိသာခ ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ 40လီတာအိုးကြီး တစ်နေ့ကို အလုံး(၇၀)ထွက် တဲ့ Oxygen Plant စက်ရုံ(၂)ခုရှိပါတယ်။ နောက်တစ်ခုက ဆေးရုံအထောက် အကူပြုအဖွဲ့က နေပြီး အောက်ဆီဂျင် ငှားရမ်းတဲ့ဆိုင်ကို ရပ်မိရပ်ဖများက ဦးဆောင်၍ ကန်ထရိုက်နဲ့ တင်ဒါခေါ်ပြီး တင်ဒါအောင်ထားတဲ့ ကုမ္ပဏီ တစ်ခုကနေ အောက်ဆီဂျင် တစ်လုံးကို (၈၀၀၀/)ကျပ်နှုန်းဖြင့် လာရောက်ငှားရမ်းပေးနေတဲ့ ဆိုင်ရှိပါတယ်။ အစိုးရဌာနကနေ အောက်ဆီဂျင် ဝယ်ဖို့ ချပေးထားတဲ့ ဘတ်ဂျက်နဲ့ လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ကျခံသုံးစွဲ ပေးနေတာလည်းရှိပါတယ်။ လက်ရှိအခြေအနေအရ အောက်ဆီဂျင်ပြတ်လတ်သွားတာ မရှိပါဘူး။ လုံလောက်မှုရှိနေပါတယ်။ပြည်ခုတင်(၅၀၀) ဆေးရုံကြီးတွင် နေ့စဉ်အောက်ဆီဂျင် အသုံးပြုမှုအနေဖြင့် ၄၀ လီတာအိုးကြီး အလုံး (၂၀၀)ခန့်ရှိပါတယ်။ ဆရာမတို့ဆီမှာ (၇၀) လောက်က အခမဲ့ပေးနိုင်တယ်။ ကျန်တဲ့ဟာက စရိတ်မျှပေးနဲ့ဝယ်ပေးတာလည်းရှိတယ်၊ အဓိကက အောက်ဆီဂျင်ရဖို့ပဲလိုတာပေါ့၊ ဆေးရုံ အနေအထားက အောက်ဆီဂျင် အနေနဲ့ အဆင်ပြေပါတယ်။

မေး။ ပြည်မြို့မှာ အောက်ဆီဂျင် ထုတ်လုပ်မည့် စက်ရုံတည်ဆောက်မည့် လက်ရှိအခြေအနေ ဘယ်လိုရှိသလဲဆိုတာ သိချင်ပါတယ်ရှင်။

ဖြေ။ ပြည်မြို့မှာ အောက်ဆီဂျင် Plant အသစ်တစ်ခုကို တိုင်းကောင်စီက နေ ထောက်ပံ့ ပေးထားတဲ့အောက်ဆီဂျင် Plant အသစ်တစ်ခု ပန္နက်ရိုက်ပြီးပါပြီ၊ အဆောက်အဦ ဆောက်မယ်၊ ရှေ့တစ်ပတ်ထဲမှာ အဲ့ Plantကြီးရောက်မယ်၊ ရောက်လာပြီဆိုရင်တော့ တစ်နေ့ကို အလုံး (၂၀၀) ကျော်ထွက်မယ်။ ငှားရတဲ့ကိစ္စတွေ တော်တော် သက်သာ သွားမယ်။

မေး။ ဖြည့်စွက် အကြံပြုချင်တာများရှိပါသလားရှင်။

ဖြေ။ အကြံပြုပြောချင်တာကတော့ ကိုဗစ်ရောဂါ လက္ခဏာပြလာပြီဆိုရင် လူနာတွေအနေနဲ့ အိမ်မှာပဲ ကြိတ်ကုနေတာတွေ တော်တော်များနေပါတယ်။ အဓိကကတော့ အိမ်မှာပဲ ကြိတ်ကုမနေဘဲ စောစောစီးစီး ဆေးရုံ၊ ဆေးခန်း သက်ဆိုင်ရာ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ဆက်သွယ်ပြီးတော့ ကုသမှု ခံယူဖို့ ၊ အိမ်မှာ (၆) ရက်လောက်နေပြီး ရက်လွန်မှ ဆေးရုံသို့ ရောက်လာတဲ့အခါ အောက်ဆီဂျင် အရမ်းကျနေရင် ပြန်တင်ရတာ အရမ်းခက်ပါတယ်။ စောစောစီးစီး ကိုဗစ်ရောဂါအတွက် စစ်ဆေးမှုခံယူပါ။ ထိရောက်တဲ့ ကုသမှု ခံယူကြပါရန် အကြံပြုပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်းသူ- ငြိမ်းငြိမ်းသန့်၊ သူဇာနှင်း