မြဝတီမြို့ရေဘေးသင့်ပြည်သူများအတွက် မြဝတီမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ စောင်ခြင်ထောင်ဖျာနှင့် ဖိနပ်များလှူဒါန်း

မြဝတီ ဇူလိုင် ၃၀

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သောင်ရင်း မြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တ ီမီတာကို ကျော်လွန်ကာ မြစ်ရေ လျှံတက်ပြီး အနိမ့်ပိုင်း နေရာများ ရေကြီးမှု ဖြစ်ပွားခဲ့သည့် အတွက် ရေကြီးမှု ဖြစ်ပွားရာ နေရာများမှ ပြည်သူများအနေဖြင့် ယာယီရေဘေးရှောင် စခန်းများသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။

ထိုသို့ နေထိုင်လျက်ရှိရာ မြဝတီမြို့ အလက(၁) စာသင်ကျောင်း၌ ဖွင့်လှစ်ထားရှိသော ရေဘေးကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၉၁) စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သောစောင် ၊ ခြင်ထောင် ၊ ဖျာနှင့် ဖိနပ်များအား ယမန်နေ့က လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပစ္စည်းများအား မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ၊ အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးအောင်စိုး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦး နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်တို့မှ ရေဘေးသင့်ပြည်သူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်