ပေါင်းတည်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ပေါင်းတည် ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း စုရပ် (၅) နေရာတွင် ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင် စုရပ် (၅)နေရာဖြစ်သော ရွှေမင်းဂံကျောင်းတွင် လည်းကောင်း၊ အ.ထ.က (မင်းကွက်-၂) တွင်လည်းကောင်း၊ ကျေးလက်ကျန်းမာရေး ဆေးခန်း(သဖန်းကုန်း)တွင် လည်းကောင်း၊ အမက(နွယ်ချို-၂) တွင်လည်းကောင်း၊ ပျဉ်းပင်ကန်ရပ်ကွက်၊ မိုးကုတ်ဓမ္မာရိပ်သာတွင်လည်းကောင်း ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးလျက်ရှိပြီး သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေး မထိုးနှံရသေးသော အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်နှင်းသုန်