သဲကုန်းမြို့၌ အောက်ဆီဂျင်စက်ဝယ်ယူတပ်ဆင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ

သဲကုန်း ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အောက်ဆီဂျင်စက် ဝယ်ယူတပ်ဆင်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေပေးအပ်ပွဲကို ယမန်နေ့က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားရာတွင် "မိမိတို့သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိမှု တစ်ဖြည်းဖြည်းမြင့်မားလာပြီး အရေးပေါ် လူနာများအတွက် အောက်ဆီဂျင်ရရှိရေး နေ့စဉ် ပြည်မြို့နယ်သို့သွားရောက်၍ ထုတ်ယူနေရ ကြောင်း၊ တစ်ရက်လျှင်အောက်ဆီဂျင် ၅ လုံးခန့်သာလျှင် ရရှိကြောင်း၊ တစ်ခါတစ်ရံ အောက်ဆီဂျင်မရရှိဘဲ ပြန်လာခဲ့ရသည့်ရက်များလည်းရှိကြောင်း၊ ဒါကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံရသည့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင် အချိန်မီရရှိနိုင်ရေးအတွက် မိမိမြို့နယ်တွင် အောက်ဆီဂျင်ထုတ်ပေးနိုင်သည့်စက်တစ်လုံး အမြန်ဆုံးဝယ်ယူနိုင်ရေးအတွက် ယခုလိုခေါ်ယူ၍ အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး အောက်ဆီဂျင်စက် ထားရှိမည့်နေရာနှင့် တစ်နေ့လျှင် ၄၀ လီတာအိုး အလုံး ၂၀ မှ ၃၀ အတွင်းထွက်ရှိမည့် တန်ဖိုးကျပ်သိန်း ၆၅၀ ခန့်တန်ဘိုးရှိ အောက်ဆီဂျက်စက်ဝယ်ယူနိုင်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။

ဆက်လက်ပြီး အလှူခံရရှိသော (၁၄၆)သိန်းအား အလှူရှင်အသီးသီးမှ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း