သဲကုန်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

သဲကုန်း ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများအား စတင်ထိုးနှံပေးလျက်ရှိရာထိုသို့ထိုးနှံရာတွင် သဲကုန်း၌ မြို့နယ်ပြည်သူ့ဆေးရုံတွင် လည်းကောင်း၊ ပုတီးကုန်းမြို့၌ တိုက်နယ်ဆေးရုံနှင့် မြို့လယ်ဘုရားတွင် လည်းကောင်း၊ ဆင်မြီးဆွဲမြို့၌ တိုက်နယ်ဆေးရုံတွင် လည်းကောင်း၊ အင်းမမြို့၌ စိုက်ပျိုးရေး အထွက်တိုးစခန်းတွင် လည်းကောင်း ဆေးထိုးစုရပ်များခွဲကာ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက တစ်မြို့နယ်လုံးအတွက် ကာကွယ်ဆေးထိုး စိစစ် ကြီးကြပ်ရေးအဖွဲ့ (၁၀)ဖွဲ့ ဖွဲ့စည်းကာရပ်ကွက်နှင့် တိုက်နယ်များအလိုက် ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများကလည်း ဆေးထိုးနှံနေမှုများကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးကို လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်း