မြဝတီ ဇူလိုင် ၃၀
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများ ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စု ၄၈၈ စုအတွက် ငွေကျပ် ၅,၀၈၂,၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးခြင်းဖြစ်ကာ ယာယီ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စု ၄၈၈ စုမှ လူဦးရေ စုစုပေါင်း ၁၈၅၀ ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဘိုးအဖြစ် ထောက်ပံ့ပေးခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ငွေများအား ယမန်နေ့ ညနေ ၄ နာရီက မြဝတီ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြဝတီခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့်က ပေးအပ်ရာ မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ကလက်ခံပြီး သက်ဆိုင်ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများထံ ပြန်လည် ပေးအပ်သည်။
ယခု ထောက်ပံ့ပေးအပ်ခြင်းသည် ဒုတိယအကြိမ် ထောက်ပံ့ပေးခြင်း ဖြစ်ပြီး ပထမအကြိမ်က အိမ်ထောင်စု ၃၂၃ စု မှ ကျား ၆၉၆ ဦး၊ မ ၇၆၉ ဦး၊ စုစုပေါင်း ၁၄၆၅ ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဘိုး အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ မြဝတီမြို့တွင် ရေဘေးရှောင်စခန်း ၁၂ နေရာ ဖွင့်လှစ်ထားရှိပြီး ကူညီကယ်ဆယ်ရေး လုပ် ငန်းများအား တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိန်လင်းအောင်