ထားဝယ် ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ် တားဆီးနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများ သောလမ်းဆုံသို့သွား ရောက်ပြီး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ရာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေအိမ်အပြင်သို့ထွက်ခွာလျှင် Mask ကိုစနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း လက္ခဏာများဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြရန်၊ လက်ကို ဆပ်ပြာနှင့်စက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန် စသည့်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို နှိုးဆော်အသိပညာပေးခြင်းများနှင့်အတူ ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာသို့ ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲမှူး အေးနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးနိုင်ဝင်း၊ မီးသတ်တပ်ဖွဲ့ဝင်တို့ကလိုက်ပါ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နိုင်ဝင်း(အရှေ့တိုင်း)