ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးကျင်လမ်းခိုင်နှင့် တွေ့ဆုံမေးမြန်း

ရိခေါ်ဒါရ် ဇူလိုင် ၃၀

မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရိခေါ်ဒါရ်မြို့အနေဖြင့် စီစဉ်ဆောင်ရွက်ထား ရှိမှုအခြေအနေကို သိလိုပါတယ် ခင်ဗျာ။

ဖြေ။ ကျွန်တော်တို့ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ဆောင်ရွက်မှုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီးတော့မှ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအား ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်လူငယ် Volunteer များပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်းပြီးတော့မှ ကော်မတီအနေနဲ့ လိုအပ်ရင် လိုအပ်သလို အစည်းအဝေးခေါ်ယူပြီး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပေါင်းစပ်ဆောင်ရွက်လျက်ရှိပါတယ်။ ကော်မတီအနေနဲ့ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်မှုအနေနဲ့ မြို့အဝင်အထွက်တွေမှာ ပြင်ပကဝင်လာတဲ့ ပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ၊ ကျန်းမာရေး ကောင်းမွန်ခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေးအသိပညာပေး လှည့်လည်ဆော်သြတာတို့၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတို့ ဆောင်ရွက်လျက်ရှိပါတယ်။ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့သည့်ကာလအတွင်း စားဝတ်နေရေး အခက်အခဲ ရှိ/မရှိ အချိန်နဲ့တစ်ပြေးညီ စိစစ်ဆောင်ရွက်ပြီး အခက်အခဲရှိတဲ့ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး။ ရိခေါ်ဒါရ်မြို့မှာဆိုရင် ယနေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း၊ ဆေးရုံဆင်း/ HQ ဖြေလျှော့၊ ဆေးကုသဆဲနဲ့ ရောဂါဖြင့်သေဆုံးမှုအခြေအနေကိုလည်း သိရှိလိုပါတယ် ခင်ဗျာ။

ဖြေ။ ကျွန်တော်တို့မြို့မှာ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းမှာဆိုရင် ရောဂါပိုးတွေ့ရှိတဲ့လူနာပေါင်း ကတော့ (၃၀၈)ဦး ရှိပါပြီ။ အဲဒီထဲမှာ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာသူ (၂၈၉)ဦး ရှိပါပြီ။ လက်ရှိမှာ ကျန်းမာရေးစောင့်ရှောက်ဆေးကုသနေဆဲ လူနာ (၁၆)ဦး ရှိပါတယ်။ ဒီနေ့အထိ ရောဂါကြောင့် သေဆုံးသူ (၂)ဦး ရှိပါတယ်။

မေး။ ပိုးတွေ့လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို သိလိုပါတယ်ခင်ဗျာ။

ဖြေ။ ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အပိုင်း အနေနဲ့ ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံမှာ ပိုးတွေ့လူနာများ ဆေးကုသရေး စင်တာအဖြစ် ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ဆေးကုသပေးပါတယ်။ တစ်ချို့ပိုးတွေ့လူနာများ ရောဂါခံစားသည့် ပြင်းထန်မှုမရှိတဲ့ (ဥပမာ- ဖျားနာ၊ ကိုက်ခဲဝေဒနာသက်သာပြီး အောက်ဆီဂျင်ပေးစရာမလိုသူများ) ကျန်းမာရေးကောင်းမွန်တဲ့ Positive လူနာတွေဆိုရင် သူတို့အိမ်မှာပဲ Home Quarantine ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ပေးပါတယ်။ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ အရေးပေါ်အသုံးပြုနိုင်ရန် အောက်ဆီဂျင်ဘူးများ စုဆောင်း သိုလှောင်ထားရှိမှု အနေနဲ့ တိုက်နယ်ဆေးရုံပိုင် (၅)လီတာရှိ အောက်ဆီဂျင် Concentrator (၃)လုံး၊ HLDO အဖွဲ့အစည်းက လှူဒါန်းပေးတဲ့ (၁၀)လီတာရှိ အောက်ဆီဂျင် Concentrator (၂)လုံး၊ တိုက်နယ်ဆေးရုံပိုင်ဆိုင်တဲ့ အောက်ဆီဂျင် Cylinder (၄၀)လီတာ (၃)လုံး၊ (၁၀)လီတာ (၅)လုံး၊ အမှတ်(၁)ရပ်ကွက်လူငယ်အဖွဲ့အစည်း ပိုင်ဆိုင်တဲ့ အောက်ဆီဂျင် Cylinder (၁၀)လီတာ (၅)လုံး၊ အမှတ်(၂)ရပ်ကွက်လူငယ်အဖွဲ့အစည်း ပိုင်ဆိုင်တဲ့ အောက်ဆီဂျင် Cylinder (၁၀)လီတာ (၅)လုံး စသည်ဖြင့် အောက်ဆီဂျင် Concentrator (၃)လုံး၊ အောက်ဆီဂျင် Cylinder (၁၈)လုံးတို့အား ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံမှာ သိုလှောင်ထားရှိသုံးစွဲနေပါတယ်။ လက်ရှိအနေအထားမှာဆိုရင် ရောဂါပိုးတွေ့လူနာတွေထဲမှာလည်း အောက်ဆီဂျင်ပေးရန်လိုအပ်သူ သုံးယောက်၊ လေးယောက် လောက်သာရှိပြီး လက်ရှိအနေအထားမှာ အောက်ဆီဂျင်အခက်အခဲမရှိပဲ လုံလောက်မှုရှိကြောင်း ပြောလိုပါတယ်။

မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မှုရှိပါသလား။ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေကိုလည်း သိချင်ပါတယ်ခင်ဗျာ။

ဖြေ။ ကျွန်တော်တို့ ရိခေါ်ဒါရ်မြို့ပြည်သူတွေ ရောဂါကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီးတော့မှ ဒီနေ့အထိ ဌာနဆိုင်ရာဝန်ထမ်း (၁၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပါတယ်။ ရပ်ကွက်ပြည်သူတွေ ကာကွယ်ဆေးထိုးနှံပေးမှုတော့ မရှိသေးပါဘူး။ ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဒီရက်ပိုင်းမှာ စာရင်းဇယား ကောက်ယူဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ကော်မတီဥက္ကဋ္ဌအနေနဲ့ အခြားဘာများ ဖြည့်စွက်ပြောလိုတာ ရှိပါသလဲခင်ဗျာ။

ဖြေ။ ကျွန်တော်ကော်မတီဥက္ကဋ္ဌအနေနဲ့ ထပ်ပြီးဖြည့်စွက်ပြောလိုတာကတော့ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ အဆင်ပြေ အောင်မြင်လျက်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၃၀၀)ကျော် တွေ့ရှိတယ်ဆိုတော့ နည်းတော့ မနည်းပါဘူး။ သို့သော်လည်း ပိုးတွေ့လူနာ (၃၀၀)ကျော်မှာ သေဆုံးသူ ဦးရေက (၂)ယောက်ပဲ ရှိပါတယ်။ လာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ကော်မတီ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အထူးသဖြင့် ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များ၊ အလှူရှင်များနဲ့ပူးပေါင်းပြီးတော့ ရောဂါထိန်းချုပ်၊ ကုသရေးမှာ ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျဆောင်ရွက်မှုအားကောင်းခြင်းကြောင့် ဖြစ်ပါတယ်လို့ ဖြည့်စွက်ပြောလိုပါတယ်။ ကျွန်တော်တို့မြို့မှာ ရောဂါပိုးတွေ့ရှိသူ (၃၀၀)ကျော်ရှိ ပေမယ့် လွန်ခဲ့တဲ့ တစ်ပတ် နှစ်ပတ် လောက်ကနေ ရောဂါကူးစက်ပျံ့နှံ့မှု၊ ရောဂါပိုးတွေ့ရှိမှုနှုန်း တော်တော်လေး ကျဆင်းလာပြီ ဖြစ်ပါတယ်။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာဆိုရင် ရောဂါပိုး တွေ့ရှိမှု မရှိတော့ပါဘူး။ လက်ရှိအနေအထားမှာ အခြေအနေကောင်းလာပါတယ်။ ကျွန်တော်တို့ ကော်မတီအနေ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး၊ တုံ့ပြန်ရေးလုပ်ငန်းများ၊ ပြည်သူများ အသိပညာပေးရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများ၊ ရပ်ကွက် လူငယ် Volunteer များ၊ စေတနာ့ အလှူရှင်များနဲ့ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖြည့်စွက်ပြောလိုပါတယ်။

လာလ်ပက်လောမ်