လှိုင်းဘွဲ ဇူလိုင် ၃၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့်ထမင်းဘူးများကို ယမန်နေ့က ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲမှစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော်မှ ကမော့ကချူးကျေးရွာရှိ ဆိုင်ကလုန်းစင်တာနှင့်အထက(ခွဲ)ကျောင်းတွင် နေထိုင်သော ရေဘေးရှောင် အိမ်ထောင်စု(၁၅)စု၊ ရွှေဂွန်းကျေးရွာ အိမ်ထောင်စု(၂၄)စုနှင့်တာပေါင်ကျေးရွာအိမ်ထောင်စု(၈၀)စုအတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့်ထမင်းဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ရာ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အလားတူ အောင်ဆန်းခန်းမတွင် နေထိုင်သော ရေဘေးရှောင်လူဦးရေ (၁၇၆)ဦးအတွက် နေ့လည်စာထမင်းဘူးများကို တပ်နယ်မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့မှ လာရောက်၍ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။