ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ MASK ကမ်းပိန်းပြုလုပ်

ကော့သောင်း ဇူလိုင် ၃၀

ပြည်တွင်းကူးစက်မှုမြှင့်တက်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး ကော့သောင်းမြို့တွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ အလေးထား ဆောင်ရွက်နေကြသကဲ့သို့ ကော့သောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရောဂါထိန်းချုပ်မှု လုပ်ငန်းများတွင် တဖက်တစ်လမ်းက ဝိုင်းဝန်းပူးပေါင်းပါဝင်မှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့နေပြည်သူများအား ပါးစပ်နှာခေါင်းစည်းလိုက်လံဝေငှသည့် ကမ်းပိန်းလှုပ်ရှားမှုလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ဆောင်ရွက်ရာတွင် မြို့အချက်အချာ အသွားအလာများပြားရာရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးလမ်းဆုံနှင့် ပိတောက်ရွှေဝါရပ်ကွက်၊အဝိုင်းပတ်လမ်းဆုံ တို့တွင် လမ်းထွက်သွားလာနေကြသည့် ပြည်သူများအားပါးစပ် နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးခဲ့ကြပြီး ကျန်းမာရေးအသိ သတိရှိကြဖို့ အပြင်ထွက်တိုင်းပါးစပ်နှာခေါင်းစည်း တပ်ဆင်ကြဖို့ အသိပညာပေး လက်ကမ်းစာစောင်ဝေငှခြင်းများ လက်သန့်ဆေးရည်များဖြင့်လက်ဆေးပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

လမ်းထွက်သွားလာနေကြသူအများစုသည် နှာခေါင်းစည်း တပ်ဆင်ကြသော်လည်း စည်းကမ်းမလိုက်နာသည့် ပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်စေရန် မြို့၏ ရောဂါထိန်းချုပ်မှုလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)