မင်းဘူး ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် မြေနေရာနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ယမန်နေ့မနက် ၉ နာရီခွဲအချိန်က အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေး ကျင်းပရာတွင် မင်းဘူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်မြင့်က မင်းဘူးမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် စက်ရုံ တည်ဆောက်ပြီးစီးပါက မင်းဘူး(စကု) တစ်မြို့နယ်လုံး၏ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် အခြားကျန်းမာရေး မကောင်း၍ အောက်ဆီဂျင် လိုအပ်သည့် လူနာများအတွက် အသုံးပြုကြရမှာဖြစ်ပြီး မကွေးတိုင်း ဒေသကြီးအတွင်း ပခုက္ကူ၊ မကွေး၊ ဂန့်ဂေါနှင့် သရက်မြို့များတွင် အောက်ဆီဂျင် စက်ရုံများ တည်ဆောက်လျက်ရှိနေပြီး ယခု မင်းဘူးမြို့ အောက်ဆီဂျင်စက်ရုံ ပြီးစီး၍ လည်ပတ်နိုင်ပါက မကွေးတိုင်းဒေသကြီးအတွင်း အနေဖြင့် အောက်ဆီဂျင်များ လုံလောက်သလောက် ရှိလာမှာဖြစ်ကြောင်းနှင့် စက်ရုံ တည်ဆောက်ဖြစ်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မတည်ငွေကျပ်သိန်း ၅၀၀ ရရှိမှာ ဖြစ်၍ လိုအပ်သည့် ငွေကြေးများကို ရပ်မိရပ်ဖများနှင့် မြို့သူမြို့သားများ၏ ထည့်လှူငွေများဖြင့် တည်ဆောက်ရမှာဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။
ထို့နောက် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးကိုကိုအောင်က တင်ပြရာတွင် အောက်ဆီဂျင် စက်ရုံ၏ ခန်မှန်း ကုန်ကျငွေမှာ ကျပ်သိန်း ၁၂၀၀ ဖြစ်၍ တစ်ရက်လျှင် ၄၀ လီတာအိုး အလုံး ၃၆၀ ထွက်ရှိမှာဖြစ်ကြောင်း စက်ရုံ တည်ဆောက်ရန် မြေနေရာအား မိမိတို့ လူမှုကူညီရေးအသင်းမှ လှူဒါန်းသွားမှာဖြစ်ကာ စက်ရုံအတွက် လိုအပ်သည့် ငွေကြေးဆိုင်ရာများ လည်ပတ်နိုင်ရန်အတွက် ဦးဆောင်၍ အကျိုးတော်ဆောင် အဖွဲ့များဖြင့် အလှူခံသွားမှာ ဖြစ်ကြောင်း တို့ကိုလည်း တင်ပြသွားခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် ရပ်မိရပ်ဖဖြစ်သူ ဦးနွဲ့အောင်တို့က စက်ရုံ ကြီးကြပ် တည်ဆောက်ရန်နှင့် တည်ဆောက်ပြီးစီးပါက ဦးစီးလုပ်ကိုင်ရန် ကော်မတီများဖွဲ့၍ ငွေကြေးဆိုင်ရာများ စနစ်တကျ ပြုလုပ်နိုင်ရေးတို့ကို တင်ပြကြရာ မင်းဘူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်မြင့်က ကော်မတီ အဖွဲ့ဝင်များ၏ တင်ပြချက်များကို ပေါင်းစပ်ဆွေးနွေး၍ ခရိုင်နှင့် တိုင်းအစိုးရအဖွဲ့များထံ တင်ပြလျက်ရှိကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)