ရေဦးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် မင်္ဂလာရာမပရိယတ္တိစာသင်တိုက်ရှိ အုပ်တံတိုင်း(၁၀)ခန်း ပြိုလဲပျက်စီး

ရွှေဘို ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် မင်္ဂလာရာမပရိယတ္တိစာသင်တိုက်ရှိ အုပ်တံတိုင်း(၁၀)ခန်း ပြိုလဲပျက်စီးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့် ထံမှသိရသည်။

ဖြစ်စဉ်မှာ ယနေ့ နေ့လယ်(၃)နာရီ (၉)မိနစ်ကျော်က ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက်(၄၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း(သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ၅မုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၂.၈၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၅ဒီဂရီ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချက်တာ စကေး (၆.၃) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုကြောင့် ရေဦးမြို့ရှိ မင်္ဂလာရာမပရိယတ္တိစာသင်တိုက်ရှိ အုပ်တံတိုင်း(၁၀)ခန်း၊ အရှည်(၇၀)ပေခန့် ပြိုလဲပျက်စီးခဲ့ပြီး စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုး(တစ်ဆယ့်ငါးသိန်း) ဆုံးရှုံးခဲ့သည်။

အဆိုပါနေရာသို့ ရေဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအလ် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်(၉)ဦးတို့ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာမရှိကြောင်း သိရသည်။