ရန်ကုန် ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုးနှင့်တာဝန်ရှိသူများသည်လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူလူထု အခြေပြု လှိုင် ကိုဗစ် - ၁၉ ရောဂါရှာဖွေရေးဌာန (Test Center)အသစ်ထပ်မံဖွင့်လှစ်မည့်နေရာနှင့်ကုသရေးစင်တာသို့ယနေ့ နံနက်ပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး နှင့်တာဝန်ရှိသူများသည် လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် လှိုင် ကိုဗစ် -၁၉ ရောဂါကုသရေးစင်တာသို့ရောက်ရှိလာမည့်လူနာများနှင့်ထိတွေ့ဆက်စပ်သူများကို Rapid Diagnostic Test (RDT)Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးမည့် (Test Center) ဖွင့်လှစ်မည့်နေရာကိုကြည့်ရူစစ်ဆေးရာ
တိုင်းဒေသကြီး ကောင်စီဝင်များဖြစ်ကြသောမြို့တော်ဝန် ဦးဗိုလ်ဌေး နှင့်ဦးဌေးအောင်၊ လှိုင် စင်တာကုသရေးတာဝန်ခံ ဒေါက်တာ ကိုကိုနိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်စိုးတို့က လုပ်ငန်းကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ လှိုင် ကိုဗစ် - ၁၉ ကုသရေးစင်တာအတွက်အောက်ဆီဂျင် ထုတ်လုပ်စက်သစ်ဖြင့်အောက်ဆီဂျင်ဖြည့်သွင်းထားသည့် ၄၀ လီတာဆလင်ဒါအိုးများအား YCDC ဂေါက်ကွင်းမှပံ့ပိုးပေးထားသည့် Buggy Car များဖြင့်လူနာ များထားရှိရာကုသရေးအဆောင်များသို့စေတနာဝန်ထမ်းလူမှုရေးအဖွဲ့အစည်းများမှVolunteer များက သယ်ယူပေးပို့ခြင်းနှင့်အောက်ဆီဂျင်ထုတ်လုပ်နေခြင်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ လှိုင်ကိုဗစ်-၁၉ ကုသရေးစင်တာတွင် တပ်ဆင်ထားရှိသည့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်သစ်မှာ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်ဆလင်ဒါအိုးပေါင်း (၁၂၀) အိုး အထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ စက်တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ကျသင့်ကြောင်း၊ အသစ်ဖွင့်လှစ်မည့် Test Center အသစ်မှစစ်ဆေးတွေ့ရှိသည့် ကိုဗစ် -၁၉ ပိုးတွေ့ လူနာများအပါ အဝင်သွေးတွင်းအောက်ဆီဂျင် (SPO - 2) ရာခိုင်နှုန်း ၈၀ အထက်ရှိနေသောလူနာ ၆၀၀ ဦးခန့် စောင့်ရှောက် ကုသနိုင်ရန်အတွက်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့်ပြင်ဆင်ဆောင်ရွက်ထားကြောင်းသိရသည်။
ဆန်းကျော်ဦး