ကော့ကရိတ် ဇူလိုင် ၃၀
ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော ဘားအံ - ကော့ကရိတ် - မြဝတီ ကားလမ်းပေါ်ရှိ ဂျိုင်း (ကျုံဒိုး) ton (60) Pontoon ဗောတံတားမှာ ဂျိုင်းမြစ်ရေမြင့်တက်လာမှုကြောင့် နှစ်စဥ် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ကြုံတွေ့နေရသည့်အတွက် ယခုနှစ်တွင် မြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက ကုန်သွယ်ရေးကားများ ဖြတ်သန်းသွားလာနိုင်ရန်အတွက် အထူးမြှင့်တင် တည်ဆောက်ထားပြီဖြစ်ကြောင်း Kayin State Transportation & Services Entrepreneurs co. ltd လူမှုကွန်ယက်စာမျက်နှာမှ သိရသည်။
ကျုံဒိုးမြို့၌ ယခုအချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင်း ဂျိုင်းမြစ်ရေမှာ ၆.၅မီတာ အထိ မြင့်တက်လာခဲ့သည့်အတွက် အဆိုပါ ဗောတံတားသို့ သွားမည့် လမ်းများတွင် ရေကျော်မှုများ ဖြစ်ပေါ်ခဲ့ရာ TESC ဝန်ထမ်းများမှ လမ်းကြောင်းပြ အမှတ်အသားများထားရှိခြင်းနှင့် တံတားအတက် အဆင်းများကို လမ်းညွှန်ပြသမှုများ ကြောင့် ကုန်သွယ်ရေး ကားကြီးများ အခက်အခဲမရှိဘဲ ဖြတ်သန်းသွားလာလျက်ရှိပါသည်။ယခုအချိန်သည် ကိုဗစ် - ၁၉ရောဂါဖြစ်ပွားလျက်ရှိရာ အများပြည်သူများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းနေသည့်အချိန်ဖြစ်သည့်အတွက် တံတားပေါ်သို့ ဖြတ်သန်းသွားလာသည့်အခါ ကြန့်ကြာမှုမရှိစေရေးကို လည်း TESC ဝန်ထမ်းများမှ အထူးကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ Ton (၆၀) Pontoon ဗောတံတားအနေဖြင့် မြစ်ရေ ၇ မီတာအထိ တက်ခဲ့ပါက ကုန်သွယ်ရေးကားများ ဖြတ်သန်းသွားလာနိုင်အောင် ပြင်ဆင်ဆောင်ရွက်ထားသော်လည်း မြစ်ရေမှာ ၇မီတာထက်ကျော်လွန်လာပါက မြေပြင်လမ်း များမှာ ရေလွှမ်း ရေကျော်မှုများ ရှိလာနိုင်သည့်အတွက် ကုန်သွယ်ရေးကားများအနေဖြင့် အထူးသတိပြုသွားလာကြ ရန် Transportation & Services Entrepreneurs Co.Ltd လူမှုကွန်ရက်စာမျက်နှာမှ သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
စောအောင်မျိုးလွင်