မြဝတီမြို့ရှိ ရေဘေးသင့် အိမ်ထောင်စု ၄၈၈ စု အတွက် ငွေကျပ် သိန်း ၅၀ ကျော် ဆက်လက်ထောက်ပံ့

မြဝတီ  ဇူလိုင်  ၃၀

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင်   သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၆၃)စင်တီမီတာကို ကျော်လွန်ကာ မြစ်ရေလျှံတက်ပြီး  အနိမ့်ပိုင်းနေရာများ ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စု ၄၈၈ စုအတွက် ငွေကျပ် (၅၀၈၂၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးခြင်းဖြစ်ကာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စု ၄၈၈ စုမှ လူဦးရေ စုစုပေါင်း ၁၈၅၀ ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဘိုးအဖြစ် ထောက်ပံ့ပေးခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေများအား ယမန်နေ့ ညနေ ၄ နာရီက မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့်က ပေးအပ်ရာ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ​ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ကလက်ခံပြီး သက်ဆိုင်ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များထံ ပြန်လည်ပေးအပ်သည်။

ယခု ထောက်ပံ့ပေးအပ်ခြင်းသည် ဒုတိယအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပထမအကြိမ်က  ​အိမ်ထောင်စု ၃၂၃ စု မှ ကျား ၆၉၆ ဦး၊ မ ၇၆၉ ဦး၊ စုစုပေါင်း ၁၄၆၅ ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဘိုးအဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ မြဝတီမြို့တွင်  ရေဘေးရှောင်စခန်း  ၁၂ နေရာ  ဖွင့်လှစ်ထားရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိန်လင်းအောင်