ဆိပ်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် ပြတ်တောက်ခြင်း မရှိစေရန် နိုင်ငံတော်အစိုးရကစီမံဆောင်ရွက်ပေးမှုဖြင့် တပ်မတော်ပိုင် အောက်ဆီဂျင်စက်ရုံမှ ပထမအကြိမ် အောက်ဆီဂျင်အိုး များ ကို ဇူလိုင်လ ၂၈ ရက်နေ့က ရရှိခဲ့သည်။
ဆိပ်ဖြူမြို့စိတ်ထားဖြူအောက်ဆီဂျင်(အခမဲ့)လှူဒါန်းရေးအဖွဲ့က မတည်အလှူရှင်များ၊လစဉ် အလှူရှင်များဖြင့် ဒေသခံပြည်သူ များ ပူးပေါင်းလှူဒါန်းခြင်းဖြင့် ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအထောက်အကူပြုစေရန် အောက်ဆီဂျင်ကို အခက်အခဲမရှိ ရယူဆောင်ရွက်နိုင်ရေးအတွက်တည်ထောင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ မန္တလေးမြို့နှင့် မကွေးမြို့တို့ရှိ ပုဂ္ဂလိကပိုင် အောက်ဆီဂျင် စက်ရုံများမှ အောက်ဆီဂျင်ကို သွားရောက်သယ်ဆောင်၍ အောက်ဆီဂျင်လိုအပ်သော လူနာများအား အခမဲ့ လှူဒါန်းပေးလျက်ရှိသည့်အသင်းဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းများဆောင်ရွက်နေရသည့်အတွက် ပုဂ္ဂလိကပိုင်အောက်ဆီဂျင် စက်ရုံများမှ အောက်ဆီဂျင်လေ ရယူရန် အခက်အခဲများ တွေ့ရှိရသည့်အတွက် စိတ်ထားဖြူအောက်ဆီဂျင်(အခမဲ့)လှူဒါန်းရေးအဖွဲ့က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံ အောက်ဆီဂျင်လေရယူခြင်းအခက်အခဲများတင်ပြတောင်းဆိုခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကိုဗစ်-၁၉ရောဂါကုသရေးလုပ်ငန်းများနှင့်ဒေသခံပြည်သူများအတွက် အောက်ဆီဂျင် လေပြတ်တောက်ခြင်းအခက်အခဲမရှိစေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လမ်းညွှန်မှုဖြင့် တပ်မတော်ပိုင် ကပစ-၂၄၊အောက်ဆီဂျင်စက်ရုံက ဇူလိုင်လ ၂၈ ရက်နေ့တွင် ပထမအကြိမ် အောက်ဆီဂျင် (၄၀) လီတာ အိုးကြီး (၈)လုံးကို ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အခမဲ့ထုတ်ယူရရှိခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇၂-ဦးထိရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၃၄- ဦး ၊ ဆေးဝါးကုသမှု ခံယူနေသူ ၃၈- ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ကိုဇွဲ ( အညာမြေ)