ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ သွားရောက်ကြည့်ရှုအားပေး

ပဲခူး      ဇူလိုင် ၂၉

 

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးမြို့ မြို့တော်ခန်းမ၌ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဟံသာဝတီရပ်ကွက်အတွင်းရှိ အသက်(၆၅)နှစ် နှင့်အထက် အဘိုး/ အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးမြို့၊ ဒေသန္တရကျန်းမာရေး ဆေးခန်း၌ ပညာရေးဝန်ထမ်းများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅) နှစ်နှင့် အထက် အဘိုး/ အဘွားတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကာကွယ်ဆေး ထိုးနှံရာတွင် အသက်အရွယ်ကြီးသူများ ပါဝင်သည်ဖြစ်၍ အဘိုး၊ အဘွားများ၏ ကျန်းမာရေးကို တစ်ပါတည်း စစ်ဆေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ စာရင်းရေးသွင်းရာတွင် မှန်ကန် မြန်ဆန်စေရန်၊ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအတွက် လိုအပ်လာပါက Mask ၊ Face Shield စသည့် ကျန်းမာရေး အကာကွယ် ပစ္စည်းများ အခမဲ့ဖြန့်ဝေပေးရန်၊ လူစုလူဝေး မဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သက်ကြီး ရွယ်အိုအဘိုး/အဘွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြစ်ပြီး ကုသိုလ်ရသောလုပ်ငန်းတစ်ခုဖြစ်၍ စေတနာထားလုပ်ဆောင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်အဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လူ/ယာဉ် စစ်ဆေးရေးဂိတ် (ဝင်းဘော်ဒတ် ဂိတ်) အဆောက်အဦဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး အင်ဂျင်နီယာ အား လုပ်ငန်းသုံးပစ္စည်များ အသုံးပြုရာတွင်  သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း အသုံးပြုရန်နှင့် အခြားလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်