ဘားအံမြို့၌ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ဘားအံခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က ခရိုင်/မြို့နယ်ရှိ ဝန်ထမ်းများဖြင့် အဖွဲ့များ ဖွဲ့စည်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဆောင်ရွက်နေမှုများ၊ မြို့အဝင်ဂိတ်များတွင် ကုန်တင်ကားများ၌ လိုက်ပါလာသော ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများတွင် လူနာများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ဆွေးနွေးပြီးနောက် ယခုအချိန်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအပြင် သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် ရေဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများ ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်လာသော ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာန အလိုက်ဆောင်ရွက်နေမှုအခြေအနေများ၊ လိုအပ်ချက်များကို ဆွေးနွေးခဲ့ရာ ဘားအံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်