ကာကွယ်ဆေးထိုးခြင်းကြောင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်သဖြင့် ကာကွယ်ဆေး ထိုးကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ် "
ရေဖြူမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်
ရေဖြူ ဇူလိုင် ၂၉
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားလာသဖြင့် ကူးစက်ခံရသူအရေအတွက် နေ့စဉ်မြင့်တက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ ပြည်သူတွေအနေဖြင့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ရှိလာပြီဆိုရင် ဘယ်လိုဆက်သွယ် ဆောင်ရွက်ရပါမလဲ ဆရာ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ခံစားရလျှင်(သို့မဟုတ်)ကိုဗစ်-၁၉ Positive ပိုးရှိသူနှင့် ထိတွေ့ခဲ့မိလျှင်၊ မိမိကိုယ်ကို သံသယရှိလျှင် မိမိနေရာမှနေ၍ ဖုန်းဖြင့် အနီးစပ်ဆုံး ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး(သို့မဟုတ်)Call Center (သို့မဟုတ်) ကျန်းမာရေးဌာန(သို့မဟုတ်) ပရဟိတအသင်းတို့ကို ဆက်သွယ်သတင်းပို့ရပါမယ်။ အကယ်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်၍မရပါက လူကိုယ်တိုင်သွားရောက်ဆက်သွယ်မည်ဆိုပါက (မိမိတစ်ဦးတည်းသာ)လာရောက် ဆက်သွယ်သတင်းပို့ဖို့လိုအပ်ပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို ရောဂါပိုး ရှိ/မရှိ ဘယ်လို စစ်ဆေးပေးနေပါသလဲဆရာ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။ သံသယလူနာများနှင့်ထိတွေ့သူများကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးခြင်းများကိုရေဖြူ မြို့နယ်ဆေးရုံတစ်ခုတည်းမှာပဲ လက်ရှိ စစ်ဆေးပေးနေပါတယ်။
မေး။ ။ပိုးတွေ့လူနာများအတွက် ကျန်းမားရေးဌာနက ဘယ်လိုဆောင်ရွက်ပေးနေတယ်ဆိုတာ ရှင်းပြပေးပါ ဆရာ။
ဖြေ။ ။ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိပါကရေဖြူဆေးရုံ၊ မီးသတ်ဝန်ထမ်းအိမ်ရာ ၊ သံဃာ့ဆေးရုံ၊မိုးလုံလေလုံ အားကစားရုံ စတဲ့နေရာများနှင့် လိုအပ်လျှင်ထားဝယ်ဆေးရုံကြီးသို့ပို့ဆောင်၍ ကုသပေးလျှက်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါကုသမှုဌာန များ တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ် ။
ဖြေ။ ။ရေဖြူဆေးရုံအတွက် လက်ရှိအခြေအနေအထိ အောက်စီဂျင် အိုးအလုံအလောက်ရှိ ပါတယ်။ အောက်ဆီဂျင်ပြန်လည်ဖြည့်တင်းရန်အတွက် ရေဖြုမြို့၊အာယုဇီဝအသင်းမှ တာဝန်ယူပြီး ထားဝယ် အာယုဒါနအသင်းမှာ နေ့စဉ်နီးပါးသယ်ယူ ဖြည့်သွင်းပေးနေပါတယ်။ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း အောက်ဆီဂျင်အိုးများ ရရှိရေးအတွက် သက်ဆိုင်ရာဌာနများသို့အချိန်နှင့်တပြေးညီ တင်ပြတောင်းခံထားပြီးဖြစ်ပါတယ်။ အောက်ဆီဂျင် အလှူငွေများကို ပြည်သူများက အာယုဇီဋ အသင်းကို လှူဒါန်းကြပါတယ်။
မေး။ ။ရေဖြူမြို့နယ်တွင် အောက်ဆီဂျင် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်မည့်အစီအစဉ် ရှိပါသလားဆရာ။
ဖြေ ။ ။ရေဖြူ မြို့နယ်အနေဖြင့်လတ်တလော လိုအပ်မှုမရှိသေးပါ။လိုအပ်လာပါက သက်ဆိုင်ရာဌာန များသို့ တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။လက်ရှိ အချိန်အထိ ပိုးတွေ့သူဦးရေ ၊ ဆေးရုံတက်သူဦးရေ ၊ ဆေးရုံဆင်းသူဦးရေ နှင့် သေဆုံးသူဦးရေ ဘယ်လောက် ရှိပါသလဲဆရာ။
ဖြေ။ ။ယနေ့ထိ ပိုးတွေ့လူနာ (၂၃၀)ဦး ၊ ဆေးရုံဆင်း (၁၀၂)ဦး၊ ဆေးရုံတက်နေသူ (၁၂၂)ဦး၊ထားဝယ်ဆေးရုံ(၂)ဦး၊ သေဆုံးသူ (၄) ဦး ဖြစ်ပါတယ်။
မေး။ ။ကာကွယ်ဆေးထိုးနှံပေးဖို့ ကျန်တဲ့သူတွေကို ဆက်လက်ထိုးနှံပေးရန် ဘယ်လိုစီစဉ်ထားပါသလဲ ဆရာ။
ဖြေ။ ။ကာကွယ်ဆေးထိုးနှံပေးဖို့ကျန်တဲ့သူတွေကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးရရှိနိုင်အပေါ် အခြေခံ၍ သတ်မှတ် အစီအစဉ်အတိုင်း ထိခိုက်လွယ်၊ ထိတွေ့များတဲ့ လူအုပ်စုများကို ဦးစားပေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောခြင်းတဲ့စကားရှိရင် ပြောပေးပါဆရာ။
ဖြေ။။ ။ အရာဝတ္ထုတွေကို ကိုယ်တိုင်ထိတွေ့ပြီးတိုင်းမှာ လက်ကို ဆပ်ပြာနှင့်ဆေးဖို့ သတိထားပါ ၊ အပြင်ထွက်တိုင်း Mask တပ်ဖို့ Face Shield တပ်ဖို့ သတိထားပါ ၊ လူစုလူဝေးတွေကို ရှောင်ဖို့ သတိထားပါ ။အရေးမကြီးဘဲ အပြင်မထွက်ပါနဲ့လို့ပြောချင်ပါတယ် ‘‘ ကူညီပါ ’’ အခက်အခဲတွေ့သူကို စိတ်အားဖြင့် အားပေးကူညီပါ ။ကိုယ်အားဖြင့် စောင့်ရှောက် ကူညီပါ ။ငွေအားဖြင့် ဖေးမကူညီပေးကြပါ ။ စိတ်ဓာတ်မကျပါနဲ့။ ကူညီနေတဲ့မိတ်ဖက်အဖွဲ့အစည်းတွေလည်းရှိပါတယ် ။ကိုဗစ်-၁၉ ရောဂါကို New Normal နေထိုင်မှုပုံစံသစ် ဖြင့် ရင်ဆိုင်ကျော်လွှား နေချိန်မှာ ပြည်သူတွေအနေဖြင့် စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီပေးကြပါ။ကိုဗစ်-၁၉ ပိုးတွေ့သူကို ကျန်းမားရေးဌာနကသီးခြားထားရှိပြီး ကူးစက်ရောဂါလမ်းညွှန်ချက်များ နှင့်အညီ လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေကို လိုအပ်တဲ့အချိန်မှာ အချိန်မီ ကုသဆောင် ရွက်ပေးနေပါတယ်။ ပတ်ဝန်းကျင်ကူးစက်မှုမရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ ‘‘ ကာကွယ်ဆေးထိုးပါ ’’ ကာကွယ်ဆေးကြောင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်ပါ သဖြင့် ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။
ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ-မြို့နယ်ပြန်/ဆက်