ပဲခူးမြို့၌ မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေရာချထားပေး

ပဲခူး ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ် ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများဖြစ်သည့်  ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ကမ်းနံဘေးရှိ ဖောင်တော်ဦးကွက်သစ်(၅)လမ်းနှင့် ခိုင်မာလမ်းသွယ်ရှိ နေအိမ်များတွင် (၈)ပေခန့် ရေမြင့်တက်ဝင်ရောက် လာသဖြင့်  ရေဘေးသင့်ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ပြောင်း ရွှေ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ရေမြင့်တက်လာမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်သည့် ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနံဘေး ဖောင်တော်ဦးကွက်သစ်(၅)လမ်းရှိ အိမ်ထောင်စု(၃၅)စု၊ လူဦးရေ ကျား(၇၀)ဦး၊ မ(၈၀)ဦး၊ စုစုပေါင်း (၁၅၀)ဦးတို့အား အ.မ.က(ဖောင်တော်ဦး)ကျောင်းသို့လည်းကောင်း၊ ခိုင်မာလမ်းသွယ်ရှိ အိမ်ထောင်စု(၃၇)စု၊ လူဦးရေကျား(၇၉)ဦး၊ မ(၉၁)ဦး၊ စုစုပေါင်း (၁၇၀)ဦးတို့အား အလက(ခွဲ) (ဖောင်တော်ဦး) ကျောင်းသို့လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေရေးယာဉ်(၁)စီး၊ တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ယာယီ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ပဲခူးမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၈၈၀)စင်တီမီတာဖြစ်ပြီး ယနေ့နံနက်(၆:၃၀)နာရီ တိုင်းတာချက်အရ ပဲခူးမြစ်ရေမှာ (၈၇၀)စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မျိုးငြိမ်း (ခရိုင်ပြန်/ဆက်)