ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး လူနေအိမ်များသို့ ရေများဝင်ရောက်နစ်မြုပ်ခဲ့ပြီး ရေဘေးရှောင်ပြည်သူများမှာ ရေဘေးရှောင်စခန်းသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေဘေးရှောင်ပြည်သူများ အဆင်ပြေစွာနေထိုင်စားသောက်နိုင်စေဖို့အတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ရေဘေးရှောင်အလှုခံဌာနတစ်ခုအားဖွင့်လှစ်ထားရှိလျက်ရှိပြီး စေတနာရှင်မိဘပြည်သူများ အသင်းအဖွဲ့များမှလာရောက်လှူဒါန်းလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်က ကြာအင်းဆိပ်ကြီးမြို့ရှိ တပ်နယ်မိသားစုများမှစုပေါင်းလှူဒါန်းသည့် ဆန်(၅)အိတ် ဆီ(၁)ပုံး ပဲ(၁)အိတ် ကြက်ဥအလုံး(၄၀၀)အား တပ်နယ်တာဝန်ရှိသူများမှ အလှူခံဌာနသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့လှူဒါန်းသည့် အခြေခံစားသောက်ကုန် အိမ်ထောင်စုတစ်စုလျင် ဆန်(၄)ပြည် ငါးသတ္တော(၂)ဘူး ပဲ(၅၀)ကျပ်သား ကြက်သွန်နီ(၅၀) ကျပ်သား ဆီ(၁)ဘူးနှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း(၁၁၆)စု အား ယနေ့နံနက်ပိုင်း အချိန်တွင် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အမှတ်(၆)ရပ်ကွက်ရှိ ရေဘေးရှောင်စခန်း၌ ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး