ဟင်္သာတမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် ထပ်ဆင့် ညှိနှိုင်း အစည်းအဝေးကျင်းပ

ဟင်္သာတ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး ရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထပ်ဆင့် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ဟင်္သာတမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ ထပ်ဆင့်ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းလွင်က ယခု အချိန်တွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားနေသည့် ကာလဖြစ်သည့်အတွက် တစ်ဖက် မှလည်း ကာကွယ်ဆေး ထိုးနှံသည့် လုပ်ငန်းကို ဦးစားပေး အနေဖြင့်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံ ပေးလိုပါကြောင်း၊ကာကွယ်ဆေး ထိုးခွင့်ရှိသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အစီအစဥ်များချမှတ်ဆောင်ရွက် ကြရန်အတွက် အရေးကြီးသည့်အတွက် တက်ရောက်လာ သည့် ဌာနအားလုံး ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းမှ ဆွေးနွေးရာကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်ရန် မြို့ပေါ်/ကျေးရွာ များတွင်အဖွဲ့ဝင်(၇)ဦးပါ အဖွဲ့ (၈)ဖွဲ့ ဖွဲ့စည်း၍ အဖွဲ့အလိုက် ဆောင်ရွက် သွားကြရန် နှင့်၂၀၂၁ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အသက် ၆၅ နှစ်ပြည့်ပြီး သူ/ ကာကွယ် ဆေးထိုးနှံထားခြင်းမရှိသူများအား ဦးစားပေးထိုးနှံသွားမည် ဖြစ်ပြီး ယခုဟ င်္သာတမြို့နယ်အနေဖြင့်ရရရှိမည့် ဆေးအရေအတွက်ခွဲတမ်းအရ ထိုးသင့်သူများမကျန်ရှိနိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဆွေးနွေးပါသည်။ ဆက်လက်ပြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒေါက်တာညီညီလွင်မှ ကာကွယ် ဆေးထိုးနှံခြင်းတွင် ကိုဗစ်-၁၉ကာကွယ် ဆေး(၂) ကြိမ် ထိုးပြီးသူများ၊ တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ထားရသူများ၊ ရောဂါလက္ခဏာ ရှိသူများ၊ ကာကွယ်ဆေး(၁)ကြိမ်ထိုးပြီးသူများအားထိုးပေးသွားမည် မဟုတ်ကြောင်းနှင့် ကာကွယ်ဆေးအား သြဂုတ်လ ၁ ရက်နေ့နှင့်၂ ရက်နေ့များတွင် ထုတ်ယူသွားမည်ဖြစ်ကြောင်း နှင့်ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ ၊ လူမူ့ရေးအသင်းအဖွဲ့များက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်သန္တာထွေး