ရေစကြို ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၅-၆-၂၀၂၁ ရက်နေ့မှစ၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၉၈ ဦး၊ သေဆုံးသူ ၅ဦး ရှိနေပြီဖြစ်ရာ ရောဂါပိုးကူးစက်ခံရသူများအနေဖြင့် အောက်စီဂျင်လိုအပ်ပါက အောက်စီဂျင်အခမဲ့လူမှုကူညီရေးအသင်းက အောက်စီဂျင်များအခမဲ့ ဖြည့်တင်း ပေးလျက်ရှိကြောင်း သိရသည်။
အောက်စီဂျင်အခမဲ့လူမှုကူညီရေး အသင်းအနေဖြင့် ၄၀ လီတာအိုး ၅၀လုံးဖြင့် လည်ပတ်နေပြီး၊ ၁၀လီတာ အိုး ၅၀လုံး၊ ၁၅လီတာအိုး၂၀လုံးဖြင့် ငှားရမ်းပေးလျက်ရှိသော်လည်း လိုအပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ရေစကြိုမြို့နယ်၌ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါပိုးတွေ့ရှိသူ သက်ကြီးရွယ်အို အများအပြားဖြစ်သည့် အတွက် အောက်စီဂျင်လိုအပ်သူများပြားလာပြီး အောက်စီဂျင်မလုံလောက်မှုများ ဖြစ်ပေါ်နေသည့်အတွက် အောက်စီဂျင် အခမဲ့လူမှုကူညီရေးအသင်းက ပေါက်မြို့နယ်ရှိ ကပစ-၂၄ ၊ တပ်မတော်ပိုင် အောက်စီဂျင်စက်ရုံမှ ခွဲတမ်းများရရှိသော်လည်း မလုံလောက်မှုများဖြစ်ပေါ်နေခြင်း၊ ပုဂ္ဂလိကပိုင်စက်ရုံများသို့ သွားရောက်ဝယ်ယူ သော်လည်း ၂ ညအိပ် တန်းစီစောင့်ယူရခြင်း စသည့်အခက်အခဲများဖြစ်ပေါ်နေပြီး အောက်စီဂျင်အခမဲ့ လူမှုကူညီရေးအသင်းက ရေစကြိုမြို့နယ်အတွင်းရှိ အောက်စီဂျင်လိုအပ်သူများအား ဖြည့်ဆည်းပေးနိုင်ရန် နေ့ညမနား ကူညီဆောင်ရွက်ပေးနေကြောင်း အောက်စီဂျင်အခမဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝဏ္ဏအောင်ထံမှ သိရှိရသည်။