ဖားကန့် ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ရွာ၌ ဇူလိုင် ၂ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ရသည့် ကျင်းအတွင်း အရဲစွန့်ခိုးဝင်ကာ ရေမဆေးကျောက် ဝင်ရောက်တူးဖော်သူများ ရှိနေသည့်အတွက် တားဆီးမှုများ ဆောင်ရွက်နေရကြောင်း ဝှေခါ ကျေးရွာ အုပ်ချုပ်ရေးရုံးမှ သိရသည်။
"ခိုးဝင်တူးကြတဲ့သူတွေကို တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ပေါင်းပြီး အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံ တားဆီးနေပါတယ်၊ ညဘက်တွေမှာ ဝင်တူးတဲ့သူပိုများတယ်" ဟု ဝှေခါကျေးရွာတွင် မြေပြိုဘေး၏ နောက်ဆက်တွဲ ကိစ္စရပ်များ ကြီးကြပ်ဆောင်ရွက်နေသည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းရွှေက ပြောသည်။
ဝှေခါမှော်ရွာ၌ ဇူလိုင် ၂ ရက်ဖြစ်စဉ်အပြီး အဆိုပါ လုပ်ကွက်ရပ်နားထားသည့် ကျင်းအတွင်း ဇူလိုင် ၁၀ ရက်နေ့က တစ်ကြိမ်၊ နောက်ဆယ်ရက်အကြာ ဇူလိုင် ၂၀ ရက်နေ့တွင် တစ်ကြိမ်နှင့် ဩဂုတ် ၈ ရက်နေ့တွင် တစ်ကြိမ်၊ မြေပြိုကျမှုဖြစ်ပွားခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)