ပခုက္ကူမြို့နယ်တွင် ကူညီဖြည့် ဆည်း ပေးနေမှုအား အသင်း၏ဦးဆောင် နာယကဆရာတော်ထံ ဆက်သွယ်မေးမြန်းခြင်း

ပခုက္ကူ ဇူလိုင် ၂၈

မေး။ ။ ဘုန်းဘုန်းတို့အာယုသုခအသင်းအနေနဲ့ အောက်ဆီဂျင်ကို ဘယ်နေရာကနေ ရယူဖြန့်ဝေနေပါ သလဲ ဘုရား။ ဖြေ။ ။ ဘုန်းဘုန်းတို့အသင်းက လည်ပတ်နေတာ (၁၀)နှစ်ကျော်ရှိပါပြီ။ အဓိကကတော့ မုံရွာ၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေကနေ ရပါတယ်။ ဒါ့အပြင် ပေါက်မြို့ ကပစ စက်ရုံကနေ ခွဲတမ်းရတာ ၃ ကြိမ်လောက်ရှိပါပြီ။ စက်ရုံက ပုံမှန်ရရင် လိုအပ်ချက် (၂၀) ရာခိုင်နှုန်းလောက်ဖြည့်ဆည်းပေးနိုင် ပါတယ်။ မေး။ ။ ဘုန်းဘုန်းတို့က အောက်ဆီဂျင်နဲ့ပတ်သက်ပြီး (၁၀)နှစ်လောက်လုပ်လာခဲ့တာဆိုတော့ ပခုက္ကူ မြို့နယ်အနေနဲ့ လတ်တလော အောက်ဆီဂျင်လိုအပ်မှုများ ခန့်မှန်းနိုင်မလားဘုရား။ ဖြေ။ ။ ပခုက္ကူမှာအောက်ဆီဂျင်က (၄၀)လီတာအိုး (၁၀၀)ခန့် လိုမယ်ထင်ပါတယ်။ မေး။ ။ ယခုလိုအပ်ချက်ကို ဘယ်လိုတွေ ဖြည့်ဆည်းပေးနေကြပါသလဲ ဘုရား။ ဖြေ။ ။ အာယုသုခအသင်းအနေနဲ့ကတော့ လိုအပ်ချက်ရဲ့ (၃၀) ရာခိုင်နှုန်းလောက် ထောက်ပံ့ပေးနိုင် ပြီး ကျန်တဲ့(၇၀)ရာခိုင်နှုန်းကတော့ အဖွဲ့အစည်းအသီးသီးက ထမ်းဆောင်နေကြပါတယ်။ မေး။ ။ အာယုသုခအသင်းအနေနဲ့ နေ့စဉ်အောက်ဆီဂျင်ဖြန့်ဝေလှူဒါန်းနေမှုအခြေအနေတွေကိုသိပါရ စေ ဘုရား။ ဖြေ။ ။ အာယုသုခအသင်း အနေနဲ့ နေ့စဉ် အောက်ဆီဂျင် (၄၀)လီတာအိုး (၃၀)ခန့် ဖြန့်ဝေပေးနေပါ တယ်။ အလှူရှင်ရှိရင် အခမဲ့လှူဒါန်းပေးပြီး မရှိရင်တော့ ထိုက်သင့်တဲ့ လေဖိုးလောက်ပဲ အလှူခံပါ တယ်။ ထိုက်သင့်တဲ့လေဖိုးဆိုတာကလည်း ဘုန်းဘုန်းတို့အသင်းက လွန်ခဲ့တဲ့ (၁၀) နှစ်လောက် ကတည်းက လုပ်ခဲ့တာဆိုတော့ စက်ရုံကပေးတဲ့ဈေးပါပဲ။ အပြင်ပေါက်ဈေးလောက် မများပါဘူး။ မေး။ ။ ဘုန်းဘုန်းတို့ အာယုသုခအသင်းအနေနဲ့ အောက်ဆီဂျင်အိုးအရေအတွက် ဘယ်လောက်နဲ့ လည်ပတ်နေပါသလဲ ဘုရား။ ဖြေ။ ။ အာယုသုခအသင်းအနေနဲ့ (၄၀)လီတာအိုး (၈၀)လုံး၊(၁၅)လီတာအိုး (၂၀)လုံး၊(၁၀)လီတာအိုး (၈၀)လုံး၊ Oxygen concentrator အသေး (၂)လုံးနဲ့ နောက်ထပ် ငွေကျပ် သိန်းလေးရာဖိုး လောက် ထပ်မှာထားပါတယ်။ မေး။ ။ ဘုန်းဘုန်းအနေနဲ့ အခုလိုလုပ်ကိုင်ဆောင်ရွက်နေတာတွေနှင့်ပတ်သက်လို့ ဖြည့်စွက်ချင်တာ ရှိရင်ပါအုံး မိန့်ကြားပေးပါအုံးဘုရား။ ဖြေ။ ။ အာယုသုခအသင်းအနေနဲ့ လက်ရှိ အောက်ဆီဂျင်အိုးရှိနေတာရဲ့ (၃၀)ရာခိုင်နှုန်းပဲ ဖြည့်ဆည်း ပေးနိုင်ပါတယ်။ မြို့နယ်အနေနဲ့ လိုအပ်တာကတော့ လက်ရှိထက် (၁၀) ဆလောက်လိုအပ်မယ်ထင်ပါ တယ်။ အိုးလဲချင်သူတွေ၊ ငှားချင်ချင်သူတွေ များနေပါတယ်။ နောက်တစ်ပတ်အတွင်းဆိုရင်တော့ အိုး အသစ် (၅၀)လုံးလောက်ရောက်မယ်။ Oxygen concentrator စက်အသေးလဲ ထပ်ရောက်မယ်။ ရွှေသိမ် တော် ဆရာတော်ဦးစန္ဒောဘာသ ဦးဆောင်လုပ်နေတဲ့ Oxygen စက်ရုံပြီးသွားရင် ပခုက္ကူအတွက် လုံလောက်နိုင်ပါတယ်။ အခြားမြို့ကိုသွားသယ်ရတဲ့ ဒုက္ခလျော့နည်းသွားမယ်။ အိုးအသေးပဲ ငှားရ တော့မယ်။ လူနာတွေကလဲ ကိုယ့်ကိုယ်ကိုဂရုစိုက်သင့်ပါတယ်။ အချို့ကျတော့လဲ ကိုဗစ်ပိုးတွေ့ပြီ ဆိုတာနဲ့အောက်ဆီဂျင်အိုးယူထားတတ်ကြတယ်။ အဲတာကြောင့်လိုအပ်ချက်တွေ များနေတာလို့ ထင်တယ်။ ပခုက္ကူမြို့နယ်တွင် အောက်ဆီဂျင်လိုအပ်ချက်ကို အသင်းအဖွဲ့များအလိုက်၊ အလှူရှင် တစ်ဦးချင်းအလိုက် ဖြည့်ဆည်းလှူဒါန်းထောက်ပံ့နေကြသကဲ့သို့ နိုင်ငံတော်အစီအစဉ်ဖြင့် ကပစ စက်ရုံမှ ခွဲတမ်းဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။ ပခုက္ကူမြို့ရွှေသိမ်တော်ဓမ္မရိပ်သာ ဆရာတော်ဦးစန္ဒော ဘာသဦးဆောင်၍ စုပေါင်းလှူဒါန်းမှုဖြင့် Oxygen ထုတ်လုပ်မည့် စက်ရုံတစ်ရုံကို မကြာမီတည်ဆောက် သွားမည်ဖြစ်ပြီး လက်ရှိစက်ပစ္စည်းများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

တွေ့ဆုံမေးမြန်း - ကိုဇော်(ဓာတု)