ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် စစ်ဆေးခြင်းများဆောင်ရွက်

ထန်းတပင် (ပဲခူး) ဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာ၌ ပြည်သူများ လာရောက်ကြည့်ရှု နိုင်ရန်နှင့် ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံး၊  မကျန်ရှိစေရေးအတွက် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းကစ၍   ထန်းတပင်မြို့နယ် သီရိရတနာ ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၏ အနီးကပ် ကြီးကြပ်မှု ဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများ၊  ရပ်ကွက်/ကျေးရွာ  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား မိမိတို့ ရပ်ကွက်/ကျေးရွာများအတွင်း  ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံး၊ မကျန်ရှိစေ ရေးအတွက် စစ်ဆေးခြင်းများ၊ မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် လစ်လပ် နေမှုများအား စစ်ဆေးခြင်း များ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)အုပ်စုရှိပြီး မဲရုံပေါင်း (၉၄) ရုံးတွင် မဲပေးနိုင်သူ မဲဆန္ဒရှင် ပြည်သူ(၉၅၀၀၀) ကျော် အထိရှိ ကြောင်း သိရပြီး မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀  ရက်နေ့မှ ၁၄-၈-၂၀၂၀ ရက်နေ့ အထိ (၂၁)ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး မဲစာရင်းတွင် နာမည်မပါခြင်း၊ မှားယွင်းနေသည့် အချက် များကို ပြင်ဆင်ခြင်း နှင့် မပါဝင်သင့်သူများကို ပယ်ဖျက်ခြင်းစသည့် လုပ်ငန်းများအတွက် ပုံစံ(၃)၊ ပုံစံ(၄-ဂ) နှင့် ပုံစံ(၄)တို့၌ ဖြည့်စွက်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် သွားရောက် လျှောက်ထား နိုင်ကြောင်း သတင်းရရှိသည်။

သန်းထွန်း(ပြန်/ဆက်)