"ကာကွယ်ဆေးထိုးနှံပေးဖို့ကျန်တဲ့သူတွေကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းကော်မတီ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် သတ်မှတ် အစီအစဉ်အတိုင်း ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်"(ဒေါက်တာထွန်းထွန်းကျော် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြ

ဘုတ်ပြင်း   ဇူလိုင်  ၂၇  

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့မဈေးကြီးနှင့်မြို့တွင်း လမ်းဆုံနေရာများတွင် လမ်းသွား လာနေသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းကျော် နှင့် ယခုလိုတွေ့ဆုံမေးမြန်းထားပါတယ်။

မေး။  ပြည်သူတွေအနေဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ ရှိလာပြီဆိုရင် ဘယ်လိုဆက်သွယ် ဆောင်ရွက်ရပါမလဲ ‌ဆရာ။

ဖြေ။   ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ခံစားရလျှင်(သို့မဟုတ်)ကိုဗစ်-၁၉ Positive ပိုးရှိသူနှင့် ထိတွေ့ခဲ့ မိလျှင် ၊ မိမိကိုယ်ကို သံသယရှိလျှင် မိမိနေရာမှနေ၍ ဖုန်းဖြင့် အနီးစပ်ဆုံး ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူး(သို့မဟုတ်)Call Center (သို့မဟုတ်) ကျန်းမားရေး ဌာန(သို့မဟုတ်) ပရဟိတအသင်းတို့ကို ဆက်သွယ်သတင်းပို့ရပါမယ်။ အကယ်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်၍မရပါက လူကိုယ်တိုင်သွားရောက်ဆက်သွယ်မည်ဆိုပါက (မိမိတစ်ဦးတည်းသာ) လာရောက် ဆက်သွယ်သတင်းပို့ဖို့လိုအပ်ပါတယ်။

မေး။  ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို ရောဂါပိုး ရှိ/မရှိ ဘယ်လို စစ်ဆေးပေးနေပါသလဲဆရာ။

ဖြေ။   ကိုဗစ်-၁၉ ရောဂါ  ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းအား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက် ရှိပါတယ်။  သံသယလူနာများ နှင့်ထိတွေ့သူများအား ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးခြင်းများကို ဘုတ်ပြင်းမြို့နယ်ဆေးရုံ ၊ ပြည်ကြီး မဏ္ဍိုင်တိုက်နယ်ဆေးရုံး၊ ကရသူရိတိုက်နယ်ဆေးရုံ ၊ တောင်ဒဂုံဆေးရုံကျေးလက်ကျန်းမာရေး ဌာန  ၂   ခု ၊ ဌာနခွဲ ၂  ခုတို့တွင်  လက်ရှိစစ်ဆေးပေးနေပါတယ်။

 

မေး။   ပိုးတွေ့လူနာများအတွက် ကျန်းမာရေးဌာနက ဘယ်လိုဆောင်ရွက်ပေးနေပါသလဲ ဆရာ။

ဖြေ။   ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါ ကုသမှုဌာနနှင့် ဆေးရုံများသို့ပို့ဆောင်၍ကုသပေးလျက်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါကုသမှုဌာန များ တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ် ။

 

မေး။   ပိုးတွေ့ လူနာများအတွက် အောက်ဆီဂျင်ရရှိနိုင်မှုအခြေအနေနှင့်လိုအပ်ချက်အပေါ် ဘယ်လို စီစဉ် ဆောင်ရွက်ထားပါသလဲဆရာ။

ဖြေ။   ဘုတ်ပြင်းမြို့နယ်အတွင်းမှာရှိတဲ့ ဆေးရုံ(၄)ရုံအတွက် အောက်ဆီဂျင် အိုးအလုံအလောက် ရှိပါတယ်။ အောက်ဆီဂျင်ပြန်လည်ဖြည့်တင်းရန်အတွက် တောင်ဒဂုံ ဆီအုန်းကုမ္ပဏီမှ တာဝန်ယူ ဖြည့်သွင်း ပေးနေပါတယ်။ ဘုတ်ပြင်းမြို့နယ် မြို့ပေါ်ရှိ ပရဟိတအသင်းမှလည်း လိုအပ်ပါက အသုံးပြုနိုင်ရန် အောက်ဆီဂျင်အိုးများ ဖြည့်သွင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှလည်း အောက်ဆီဂျင်အိုးများ ရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများသို့အချိန်နှင့်တပြေးညီ တင်ပြတောင်းခံထားပြီးဖြစ်ပါတယ်။

မေး။   ဘုတ်ပြင်းမြို့နယ်တွင် အောက်ဆီဂျင် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်မည့်အစီအစဉ် ရှိပါသလား ဆရာ။

ဖြေ ။  ဘုတ်ပြင်းမြို့နယ်အနေဖြင့်လတ်တလော လိုအပ်မှုမရှိသေးပါ။လိုအပ်လာပါက သက်ဆိုင်ရာဌာန များသို့ တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

မေး။   ပိုးတွေ့သူဦးရေ ၊ ဆေးရုံတက်သူဦးရေ ၊ ဆေးရုံဆင်းသူဦးရေ နှင့် သေဆုံးသူဦးရေ ဘယ်လောက် ရှိပါသလဲဆရာ။

ဖြေ ။   ယနေ့ထိ ပိုးတွေ့လူနာ (၁၈၄)ဦး ၊ ဆေးရုံဆင်း (၁၁၂)ဦး၊ ဆေးရုံတက်နေသူ (၇၂)ဦး၊ သေဆုံးသူ (၁) ဦးမှာ မြိတ်ဆေးရုံသို့ လွဲပြောင်းကုသပေးခဲ့တဲ့သူဖြစ်ပါတယ်။

 

မေး။   ကာကွယ်ဆေးထိုးနှံပေးဖို့ ကျန်တဲ့သူတွေကို ဆက်လက်ထိုးနှံပေးရန် ဘယ်လိုစီစဉ်ထားပါသလဲ ဆရာ။

ဖြေ။ ကာကွယ်ဆေးထိုးနှံပေးဖို့ကျန်တဲ့သူတွေကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးရရှိနိုင်တဲ့ အပေါ် အခြေခံ၍ သတ်မှတ် အစီအစဉ်အတိုင်း ထိခိုက်လွယ်၊ ထိတွေ့များတဲ့ လူအုပ်စုများကို ဦးစားပေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

မေး ။   ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဆရာ။

ဖြေ။    စိတ်ဓာတ်မကျပါနဲ့  မိမိတစ်ယောက်တည်းမဟုတ်ပါဘူး မိသားစုရှိတယ် ၊ မိတ်ဆွေရှိတယ် ကူညီနေတဲ့အဖွဲ့အစည်းတွေရှိတယ် ၊ မြို့နယ်မှာကော်မတီရှိတယ် ၊ ဆေးရုံရှိတယ် ၊ ကုသပေးမည် သူတွေရှိပါတယ်။ သတိထားပါ  အရာဝတ္ထုတွေ  ကိုယ်တိုင်ထိတွေ့ပြီးတိုင်း ဆပ်ပြာနှင့်ဆေးဖို့ သတိထားပါ ၊ အပြင်ထွက်တိုင်း Mask တပ်ဖို့ Face Shield  တပ်ဖို့ သတိထားပါ ၊ လူစုလူဝေးတွေကို ရှောင်ဖို့ သတိထားပါ။အရေးမကြီးဘဲ အပြင်မထွက်ဖို့ သတိထားပါလို့ပြောချင်ပါတယ် ။ ကူညီပါ  အခက်အခဲတွေ့သူကို စိတ်အားဖြင့်  အားပေးကူညီပါ။ ကိုယ်အားဖြင့် စောင့်ရှောက် ကူညီပါ။ ငွေအားဖြင့် ဖေးမကူညီပေးကြပါ။ ကိုဗစ်-၁၉ ရောဂါကို New Normal နေထိုင်မှုပုံစံသစ်ဖြင့် ရင်ဆိုင်ကျော်လွှား နေချိန်မှာ ပြည်သူတွေအနေဖြင့် စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီပေးကြပါ။ ခွဲခြား ဆက်ဆံခြင်း မလုပ်ပါနဲ့  ကိုဗစ်-၁၉ ပိုးတွေ့သူကို ကျန်းမားရေးဌာနကသီးခြားထားရှိပြီး ကူးစက်ရောဂါ လမ်းညွှန်ချက်များ နှင့်အညီ လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေကို လိုအပ်တဲ့အချိန်မှာ အချိန်မီ ကုသဆောင် ရွက်ပေးနေပါတယ်။ထိတွေ့သူတွေကိုတော့ Quarantine ထားပြီး ကျန်းမာရေး စစ်ဆေးပေးပါတယ်။ပတ်ဝန်းကျင်ကူးစက်မှုမရှိအောင် ဆောင်ရွက်ပေးနေပါတယ်။Quarantine ထားတဲ့အိမ်ကို ရှောင်သွားမဲ့အစား တတ်နိုင်သလောက်ကူညီပေးခြင်း ၊ လိုအပ်တာတွေ ဝယ်ပေးခြင်း ပြုလုပ်ပေးခြင်းဖြင့် ကူညီပေးကြပါ ၊ ခွဲခြားမဆက်ဆံပါနှင့်။ အကူအညီပေးသူရှိမှသာ Home Quarantine နေထိုင်သူတွေအပြင်မထွက်တော့ဘဲ ကိုယ်ပတ်ဝန်းကျင်အတွက်လည်း ကူးစက်နိုင်မှု လျော့နည်း မည့်နည်းလမ်းဖြစ်ပါတယ်။   ကာကွယ်ဆေးထိုးပါ’ ကာကွယ်ဆေးကြောင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်ပါသဖြင့် ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။

ကျေးဇူးတင်ပါတယ်။