ဓမ္မနဒီဆရာတော် ဘဒ္ဒန္တဓမ္မသာမိမှလှူဒါန်းသော အောက်ဆီဂျင်အိုးများ ဝန်းသိုမြို့သို့ရောက်ရှိ

ဝန်းသို ဇူလိုင် ၂၇ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို အထောက်အကူပြုစေရန်အတွက် ဓမ္မနဒီဆရာတော် ဘဒ္ဒန္တဓမ္မသာမိ (ဂျိုးတောင်) မှလှူဒါန်းသော မြို့နယ်ပြည်သူ့ဆေးရုံအတွက် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး ၂၅ လုံး ဂျိုးတောင် တိုက်နယ်ဆေးရုံအတွက် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး ၂၀ လုံး စုစုပေါင်း အောက်ဆီဂျင်အိုး ၄၅လုံး သည် ယမန်နေ့က ဝန်းသိုမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို အထောက်အကူပြုစေရေး အောက်ဆီဂျင်စက်ရုံတည်ဆောက် နိုင်ရန်အတွက် ဓမ္မနဒီဆရာတော် ဘဒ္ဒန္တဓမ္မသာမိ (ဂျိုးတောင်)မှ ငွေကျပ်သိန်း ၅၀၀ မတည်လှူဒါန်း ထားရှိပြီး လက်ရှိအချိန်တွင် အလှုငွေကျပ် သိန်း ၇၀၀ ကျော်ရရှိနေပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူ လူနာစုစုပေါင်း ၁၆၆ ဦးရှိပြီဖြစ်ပြီး တစ်ဦး သေဆုံး ၁၉ ဦး ဆေးရုံဆင်းခွင့်ရရှိ၍ လူနာ ၁၄၆ ဦးသာ ကျန်ရှိကြောင်း သိရသည်။ ကျော်မြိုင်