ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်

ချောင်းဦး ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို   ယမန်နေ့ နံနက် ( ၁၀) နာရီက အမှတ် (၄) တပ်မတော်ဆေးရုံ ကုတင် (၃၀၀) ၏ ကူညီမှုဖြင့် ပြန်လည်ဖွင့်လှစ်  ဖြစ်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံအား ဖေဖော်ဝါရီလလယ်ပိုင်းမှ စတင်ပြီး ပိတ်ထားခဲ့ရာ စစ်ကိုင်းတိုင်း​ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နဲ့ အဖွဲ့၀င်များ ကြိုးစားစီမံမှုများကြောင့် မုံရွာမြို့ အမှတ် (၄) တပ်မတော်ဆေးရုံ ကုတင် (၃၀၀) မှ ဆရာ၀န်များ လာရောက်ကူညီကုသပေးမှုကြောင့် ပြန်လည် ဖွင့်လှစ်ကုသပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံ စတင်ဖွင့်လှစ်စဉ် ချောင်းဦးမြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ရောဂါ သံသယလူနာ (၁၂) ဦး လာရောက် စစ်ဆေးခဲ့ရာ Positive (၇) ဦး  တွေ့ရသည်။ “ချောင်းဦး မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံပိတ်ထားခြင်းကြောင့် ပြည်သူများ ဆေးကုသမှုခံယူဖို့ အခက်အခဲ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့်  ကျွန်တော်တို့ လာရောက်ကူညီ ဖွင့်လှစ်ကုသပေးရခြင်း ဖြစ်ကြောင်း၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများက ဝိုင်း၀န်းကူညီဆောင်ရွက်ပေး ခြင်းဖြင့် ကိုဗစ် − ၁၉ ရောဂါကြီးကို ကာကွယ်ကျော်လွှားနိုင် မှာဖြစ်ကြောင်း”   မုံရွာမြို့ အမှတ် (၄) တပ်မတော် ဆေးရုံ၊ ကုတင် (၃၀၀) မှ ဆေးမှူး ဗိုလ်ကြီးရဲကျော်ဖြိုးက ပြောသည်။

ဆေးရုံဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး​စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးပို့လှူဒါန်းသည့် Oxygen Concentrator (၁၀)လုံးအား  ချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချောင်းဦးမြို့နယ် ပြည်သူ့ ဆေးရုံကြီးအတွက် (၃) လုံး၊ အမြင့်တိုက်နယ် ဆေးရုံအတွက် (၅) လုံး၊ မြင့်မြတ်သုခ လူမှုကူညီရေး အသင်းအတွက် (၂) လုံး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းကြောင့် ကိုဗစ်− ၁၉ ရောဂါသံသယ ရှိသူများ လာရောက် စစ်ဆေးနိုင်ခြင်း၊ ပိုးတွေ့လူနာများကို လက်ခံကုသပေးနိုင်ခြင်းများ ဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

၀င်းမြင့်အောင်(ချောင်းဦး)