ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ

ငဖဲ ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်းလာ စေရေး၊ ပိုမိုကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် Positive Centre များ ထပ်မံဖွင့်လှစ်ထားရှိနိုင်မည့် နေရာများ အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က ပိုးတွေ့လူနာများထားရှိသည့် Positive Centre ကို မြို့နယ်ခန်းမနှင့် အားကစားကွင်းတွင် ၂ဖွဲ့ခွဲပြီးထားရှိလျက်ရှိကြောင်း၊ မြို့နယ်အနေဖြင့် အောက်ဆီဂျင် လုံလောက်စွာရရှိရေးအတွက် ကျန်းမာရေးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ရန်၊ မြို့နယ်ပြင်ပမှရောက်ရှိလာသည့် အာဂန္တုသံဃာတော်များရှိပါက Quarntine ထားရှိ ဆောင်ရွက်ရန်၊ ရင်းရှည်ကျေးရွာ နတ်ရေကန်ဆီဆိုင်မှဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ များရှိ လာသည့်အတွက် ဆီဆိုင်ကိုဆက်လက်၍ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ပိုးလျော့နည်း ကျဆင်းစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများနှင့် ငဖဲမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Positive Centre များကို ထိန်းချုပ်ထားနိုင်မှ လူနာများကလည်း ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ လိုက်နာနေထိုင်မှ ထိရောက်စွာ ကာကွယ်နိုင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အစည်းအဝေးတက်ရောက်လာသူများက ရင်းရှည်ကျေးရွာ နတ်ရေကန် ဆီဆိုင်ဖွင့်လှစ် ရောင်းချရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်းများက စနစ်တကျ ရောင်းချရန်၊ လုပ်ငန်းခွင်အတွင် နှာခေါင်းစည်း(mask)နှင့် လက်အိတ်၊မျက်နှာ ကာများတပ်ဆင်ရောင်းချရန်၊ မည်သူမဆို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၏ ခွင့်ပြုချက်တစ်စုံ တစ်ရာ မရှိဘဲအောက်စီဂျင်အိုးများ၊ ဆက်စပ်ပစ္စည်းများအား သိုလှောင်ထားရှိခြင်း၊ ဈေးတင် ရောင်းချခြင်း/ ဖြန့်ဖြူးခြင်း၊ ငှားရမ်းခြင်းမပြုလုပ်ရန် နှင့်  ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများပြားလာပါက Positive Centreကို ပဒါန်းကျေးရွာ တိုက်နယ်ဆေးရုံတွင် ထပ်မံဖွင့်လှစ်ထားရှိရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

မယု